ပြီးခဲ့သည့်နွေတွင် နှစ်ကြိမ်တိုင်ငြင်းပယ်ခံရသည့် လက်စတာကွင်းလယ်လူ မတ်ဒီဆန်အား လာမည့်ဇန်နဝါရီတွင် ထပ်မံကမ်းလှမ်းရန် နယူးကာဆယ် စီစဉ်
နယူးကာဆယ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် လက်စတာကွင်းလယ်လူ မတ်ဒီဆန်အား ထပ်မံကမ်းလှမ်းရန် စီစဉ်နေကြောင်း The Times သတင်းစာက ဖော်ပြခဲ့သည်။ နယူးကာဆယ်အသင်းသည် အသက် (၂၅) နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား မတ်ဒီဆန်အား ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ပေါင်သန်း (၄၀)၊ ပေါင် (၄၅) သန်းတို့ဖြင့် နှစ်ကြိမ်တိုင် ကမ်းလှမ်းခဲ့သော်လည်း လက်စတာအသင်း၏ ပယ်ချခြင်းခံခဲ့ရသည်။ သို့သော် လက်စတာအသင်းနှင့် ချုပ်ဆိုထားသည့် မတ်ဒီဆန်၏ လက်ရှိစာချုပ်မှာ ၂၀၂၄ ဇွန် (၃၀) ရက်တွင် ကုန်ဆုံးမည်ဖြစ်ရာ လက်စတာအသင်းအနေဖြင့် ၎င်းအတွက် တောင်းဆိုသည့်စျေးကို လျှော့ချပေးမည်ဆိုပါက နယူးကာဆယ်အသင်းက ထပ်မံကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ နယူးကာဆယ်အသင်းသည် ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန် ဦးဆောင်သည့် PIF အဖွဲ့ လက်ထက်တွင် ကစားသမားခေါ်ယူမှုအတွက် ပေါင် (၂၁၅)သန်းအထိ အသုံးပြုထားပြီးဖြစ်သည်။ သို့သော် နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်များ ခေါ်ယူလိုနေပြီး မတ်ဒီဆန်က အသင်းတိုက်စစ်ပြဿနာကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။ မတ်ဒီဆန်သည် လက်စတာအသင်းအတွက် ယခုရာသီ ပရီးမီးယားလိဂ် (၆) ပွဲတွင် (၃) ဂိုးသွင်းကာ (၁) ဂိုးဖန်တီးပေးထားသည်။

Share: