ယူရို-၂၀၂၄ ခြေစစ်ပွဲအတွက် မဲခွဲရာတွင် အင်္ဂလန်နှင့် ပြင်သစ်တို့ Pot 2 သို့ ရောက်ရှိ
UEFA Nations League ပြိုင်ပွဲတွင် ရလဒ်ဆိုးရွားခဲ့သည့် နာမည်ကြီး အင်္ဂလန်နှင့် ပြင်သစ်အသင်းတို့အနေဖြင့် ယူရို-၂၀၂၄ ခြေစစ်ပွဲအတွက် မဲခွဲရာတွင် Pot 2 သို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်နှင့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်လုပွဲ ရောက်ရှိခဲ့သည့် အင်္ဂလန်အသင်းမှာ UEFA Nations League ပြိုင်ပွဲ၌ အုပ်စုပွဲစဉ်တစ်ပွဲမှ အနိုင်မရဘဲ ဇယားအောက်ဆုံးနေရာသာ ရပ်တည်နိုင်ခဲ့သောကြောင့် ၂၀၂၄-၂၀၂၅ ပြိုင်ပွဲတွင် League B သို့ တန်းဆင်းရတော့မည်ဖြစ်သည်။ ၂၀၁၈ ကမ္ဘာ့ဖလားနှင့် UEFA Nations League ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ပြင်သစ်အသင်းမှာလည်း အုပ်စုတွင်း တစ်ပွဲသာ အနိုင်ရကာ ရမှတ်(၅)မှတ်ဖြင့် ခရိုအေးရှား (၁၃ မှတ်)၊ ဒိန်းမတ် (၁၂ မှတ်)တို့၏နောက် အုပ်စုတတိယနေရာသာ ရပ်တည်နိုင်ခဲ့သည်။ ယူရို-၂၀၂၄ ခြေစစ်ပွဲအတွက် ဆီဒင်သတ်မှတ်ချက်နှင့် Pot ခွဲခြားမှုကို စက်တင်ဘာတွင်ပြီးဆုံးခဲ့သည့် UEFA Nations League ပြိုင်ပွဲ အဆင့်ရပ်တည်မှုအလိုက် သတ်မှတ်ခဲ့ခြင်းဖြစ်ရာ အင်္ဂလန်နှင့် ပြင်သစ်အသင်းတို့မှာ Pot 2 သို့ ရောက်ရှိသွားခြင်းဖြစ်သည်။

Share: