အက်သလက်တီကိုအသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံပွဲအများဆုံးကစားသူအဖြစ် စပိန်လက်ရွေးစင်ကွင်းလယ်လူ ကိုကေ စံချိန်သစ်တင်ရှိနိုင်ခဲ့
အက်သလက်တီကိုအသင်း၏ စပိန်လက်ရွေးစင်ကွင်းလယ်လူ ကိုကေသည် ဆီဗီလာအသင်းအား (၂-ဝ) ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် လာလီဂါပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီးနောက် အက်သလက်တီကိုကစားသမားဘ၀ ပြိုင်ပွဲစုံ (၅၅၄)ပွဲပြည့်မြောက်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသူအဖြစ် စံချိန်မှတ်တမ်းသစ်တင် ရှိနိုင်ခဲ့ကြောင်းသိရသည်။ အသက် (၃၀)နှစ်အရွယ်ရှိ ကိုကေသည် အက်သလက်တီကိုအသင်း၏ ဂန္ထဝင်ကွင်းလယ်လူတစ်ဦးဖြစ်သော အဒီလာဒိုရိုဒရီဂွက်ဇ် (၁၉၅၉ မှ ၁၉၇၆ အထိ)၏ ပြိုင်ပွဲစုံ (၅၅၃)ပွဲ ကစားထားသည့်စံချိန်ကို တစ်ပွဲအသာဖြင့်ကျော်ဖြတ်ကာ စံချိန်သစ် တင်ရှိနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အသင်းသမိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခွင့်ရခဲ့ခြင်းအတွက် ဂုဏ်ယူကျေနပ်မိကြောင်း ကိုကေကပြောကြားခဲ့သည်။ အက်သလက်တီကိုအသင်း အကယ်ဒမီထွက် ကစားသမားဖြစ်သူ ကိုကေသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ အက်သလက်တီကို (B) အသင်းတွင် ကစားခဲ့ပြီး ၂၀၀၉ ခုနှစ်မှ လက်ရှိအချိန်တွင် အက်သလက်တီကိုအသင်းကြီးတွင် (၁၄)ရာသီဆက်တိုက်ကစားနေခြင်းဖြစ်သည်။ ကိုကေသည် အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ (၅၅၄)ပွဲကစားရာတွင် သွင်းဂိုး (၄၇)ဂိုးသွင်း ယူထားနိုင်ခဲ့ပြီး အသင်းနှင့်အတူ လာလီဂါချန်ပီယံဆု (၂)ကြိမ်၊ ယူရိုပါလိဂ် ချန်ပီယံဆု (၂)ကြိမ်အပါဝင် ဆုဖလား (၉)လုံးအထိ ရယူနိုင်ခဲ့သူဖြစ်သည်။ ကိုကေသည် အက်သလက်တီကိုအသင်းအတွက် လာလီဂါပွဲ (၃၉၂)ပွဲ၊ ဥရောပပွဲ (၁၁၃)ပွဲ၊ စပိန်ဘုရင့်ဖလားပွဲ (၄၁)ပွဲနှင့် အခြားပွဲစဉ် (၈)ပွဲကစားပေးထားပြီး ပြိုင်ပွဲစုံပွဲအများဆုံးကစားသည့် စံချိန်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

Share: