အင်တာမီလန်-ရိုးမားပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့် ကွင်းအတွင်း ကြီးကြပ်ခွင့်မရသည့် မော်ရင်ဟို အသင်းဘတ်စ်ကားပေါ်တွင် ကြည့်ခဲ့ပြီး ယာဉ်ရပ်နားဧရိယာတွင် အောင်ပွဲခံ
ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်းဟောင်း အင်တာမီလန်နှင့် ဆန်စီရိုတွင်ကစားသည့် အဝေးကွင်းပွဲစဉ်ကို ကွင်းအတွင်းကြီးကြပ်ခွင့်မရသဖြင့် ရိုးမားအသင်း၏ ဘတ်စ်ကားပေါ် ၌ ကြည့်ခဲ့ကြောင်း သိရသည်။ အဆိုပါပွဲတွင် ရိုးမားအသင်းသည် အင်တာမီလန်အသင်းကို ဦးဆောင်ဂိုးပေးခဲ့ရသော်လည်း ဒီဘားလားက ချေပဂိုးနှင့် စမောလင်းက အနိုင်ဂိုးသွင်းယူပြီး ပွဲပြီးဆုံးချိန်၌ (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မော်ရင်ဟိုသည် အင်တာမီလန်နှင့် ရိုးမားအသင်းပွဲကို ဘတ်စ်ကားပေါ်တွင် ကြည့်ရှုနေခြင်းကို ဗီဒီယိုရိုက်၍ လူမှုကွန်ရက်မှတစ်ဆင့် မျှဝေခဲ့သေးသည်။ ရိုးမားအသင်းဘတ်စ်ကား ပေါ်တွင် မော်ရင်ဟို ပွဲကြည့်ရှုနိုင်အောင် အသင်းဝန်ထမ်းတစ်ဦးက နည်းပညာပိုင်းကူညီပေးခဲ့ရပြီး အဆိုပါဝန်ထမ်း၏ ဓာတ်ပုံကိုလည်း မော်ရင်ဟိုက သူ၏ Instagram တွင် တင်ခဲ့ကြောင်း သိရသည်။ မော်ရင်ဟိုက "ကားပေါ်တွင် ဘောလုံးပွဲကြည့်ရသည့် အရသာမှာ ထူးခြားကြောင်း" လည်း ပြောဆိုခဲ့သည်။ ထို့ပြင် မော်ရင်ဟိုက ရိုးမားအသင်း နိုင်ပွဲရရှိပြီးနောက် ဆန်စီရိုကွင်း၊ ယာဉ်ရပ်နားဧရိယာတွင် ရိုးမားအသင်းယာဉ်မောင်းများနှင့်အတူ အောင်ပွဲခံခဲ့ကာ "အခုအချိန်မှာ ငါ သေချင်သေလို့ရပြီ" ဟု အော်ဟစ်ခဲ့ကြောင်း သိရသည်။ ထို့ပြင်မော်ရင်ဟိုသည် ကွင်းအတွင်းဝင်ရောက်၍ ရိုးမားအသင်း အဝတ်လဲခန်းအတွင်း ဝင်ရောက်ကာ အသင်းကစားသမားများနှင့်အတူ အောင်ပွဲခံခဲ့သလို၊ ဒဏ်ရာရရှိသဖြင့် အနားယူနေရသည့် အင်တာမီလန်တိုက်စစ်မှူး လူကာကူနှင့်လည်းဆုံတွေ့၍ အချိန်အတန်ကြာရှိခဲ့ပြီး အားပေးစကား ပြောဆိုခဲ့ကြောင်းသိရှိရသည်။

Share: