ဘာစီလိုနာအသင်းထံ တောင်းဆိုသည့် စာချုပ်ပါအချက်အလက်များ ပေါက်ကြားပြီးနောက် မက်ဆီဘက်မှ ဆွာရက်ဇ် ကာကွယ်
PSG သို့ မပြောင်းရွှေ့မီ ဘာစီလိုနာအသင်းထံ တောင်းဆိုသည့် စာချုပ်အချက်အလက်များ ပေါက်ကြားပြီးနောက် မိတ်ဆွေရင်းဖြစ်သူ မက်ဆီဘက်မှ ဆွာရက်ဇ်က ကာကွယ်မှုများ ပြုလုပ်ခဲ့သည်။ မက်ဆီက တောင်းဆိုမည့် စာချုပ်သစ်တွင် သူ၏တစ်နှစ်လစာ ယူရို သန်း(၇၀)မှ ပထမနှစ်တွင် (၂၀%) လျှော့ယူမည်ဖြစ်ပြီး နောက်(၂)နှစ်တွင် (၁၀%)စီတိုးပေးရန်နှင့် ၂၀၂၃ တွင် သူ၏ဆန္ဒအရ တစ်နှစ်သာသက်တမ်းတိုးရန်ဖြစ်သည်။ ထို့ပြင် လက်မှတ်ထိုးခ ယူရို (၁၀)သန်းပေးရန်၊ စာချုပ်လျော်ကြေးကို ယူရို(၁၀၀၀၀)သာ သတ်မှတ်ရန်၊ နူးကမ့်ကွင်း၏အမှုဆောင်ခုံတန်းတွင် သူနှင့် ဆွာရက်ဇ်တို့မိသားစုအတွက် VIP ခုံ အမြဲသတ်မှတ်ပေးရန်အချက်များ ပါဝင်ခဲ့သည်။ ဆွာရက်ဇ်က VIP Box တောင်းဆိုမှုအပေါ် ''ဒါက ကျွန်တော့်အဖို့ ရယ်စရာပါပဲ။ ထိပ်တန်းကစားသမားတွေရဲ့ စာချုပ်တိုင်းမှာ ဒီခုံကိစ္စ ပါဝင်ပါတယ်။ ဆွာရက်ဇ်အတွက် တစ်နေရာ၊ မက်ဆီအတွက် တစ်နေရာဆိုရင် ဘာစီလိုနာအတွက် ပိုမိုအခက်အခဲဖြစ်စေမှာပါ''ဟု ဆွာရက်ဇ်က ပြောကြားခဲ့သည်။ မက်ဆီသည် နိုက်စ်အသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အသင်းအတွက် ဖရီးကစ်တစ်ဂိုးသွင်းပြီး ကစားသမားဘဝ ဖရီးကစ်သွင်းဂိုး (၆၀)ပြည့်မြောက်ခဲ့သည်။ ၎င်းအနေဖြင့် ဘာစီလိုနာအတွက် (၅၀)ဂိုး၊ အာဂျင်တီးနားအတွက် (၉)ဂိုး သွင်းခဲ့ပြီး PSG အတွက် ပထမဆုံးဖြစ်ခဲ့သည်။

Share: