ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်လူစာရင်းတွင် ပါဝင်ခွင့်ရရန် ဆန္ဒပြင်းပြနေသည်ဟု မတ်ဒီဆန် ဝန်ခံ
၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းတွင် ပါဝင်ခွင့်ရရန်အတွက် ဆန္ဒပြင်းပြနေလျက်ရှိကြောင်း လက်စတာကွင်းလယ်တိုက်စစ်ကစားသမား မတ်ဒီဆန်က နော်တင်ဟမ်ဖောရက်စ်အသင်းအား (၄-၀)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရသည့်ပွဲအ ပြီးတွင် ဝန်ခံခဲ့သည်။ ယခုရာသီတွင် မတ်ဒီဆန်၏လက်စတာအသင်းအနေဖြင့် ရုန်းကန်နေရကာ နော်တင်ဟမ်နှင့်ပွဲတွင်မှ ပထမဆုံးနိုင်ပွဲ ရရှိခဲ့သော်လည်း ၎င်းမှာမူ အသင်းအတွက် ခြေစွမ်းပြ ကစားလျက်ရှိသည်။ နော်တင်ဟမ်နှင့်ပွဲတွင် အသင်းအတွက် နှစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့ပြီး ပြီးခဲ့သည့်ရာသီကတည်းက ပရီးမီးယားလိဂ်တွင် ဟာရီကိန်းပြီးနောက် ဂိုးပါဝင်ပတ်သက်မှုအများဆုံး အင်္ဂလန်ကစားသမားအဖြစ် ရပ်တည်နေသည်။ ယင်းကာလအတွင်း မတ်ဒီဆန်သည် ၄၂ ပွဲတွင် ၁၇ ဂိုးသွင်း၊ ၁၀ ဂိုးဖန်တီးကာ ဂိုးပါဝင်ပတ်သက်မှု ၂၇ ဂိုးရှိခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကစားခွင့်အပေါ် မတ်ဒီဆန်က "ဒီအတွက် ကျွန်တော် ဆန္ဒပြင်းပြနေပါတယ်။ ကျွန်တော့်ရဲ့ရည်မှန်းချက်တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော် ဆန္ဒရှိတဲ့ အခွင့်အရေးတစ်ခုဖြစ်ပြီး အကျိုးသက်ရောက်မှုရှိမယ်ဆိုတာ သိပါတယ်"ဟု ပြောကြားခဲ့သည်။ မတ်ဒီဆန်သည် ၂၀၁၉ နိုဝင်ဘာလ ၁၄ ရက်က မွန်တီနီဂရိုးနှင့်ကစားသည့် ယူရို-၂၀၂၀ ခြေစစ်ပွဲတွင် အင်္ဂလန်အသင်းအတွက် ပွဲဦးထွက်ခဲ့ပြီး သူ၏ကစားသမားဘဝတွင် ယင်းတစ်ပွဲသာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ကစားပေးထားကြောင်း သိရသည်။

Share: