ဆီဗီလာအသင်း၏ နည်းပြသစ်ရာထူးအတွက် ဘင်နီတက်ဇ်၊ ဆမ်ပါအိုလီတို့ ရေပန်းစားနေ
ဆီဗီလာအသင်းသည် ယခုရာသီတွင် ရလဒ်များ ဆိုးရွားနေသည့်အတွက် နည်းပြ လိုပယ်တယ်ဟီကို ရာထူးမှ ထုတ်ပယ်ရန် စီစဉ်နေပြီး နည်းပြသစ် အစားထိုးခန့်အပ်ဖွယ်ရှိ ကြောင်း သတင်းထွက်ပေါ်လာခဲ့ပြီးနောက် လီဗာပူးလ်နည်းပြဟောင်း ဘင်နီတက်ဇ်နှင့် မာဆေးလ်နည်းပြဟောင်း ဆမ်ပါအိုလီတို့ ရေပန်းစားနေကြောင်း သိရသည်။ ဆီဗီလာအ သင်းသည် ယခုရာသီ လာလီဂါပြိုင်ပွဲ၌ (၇)ပွဲကစားအပြီးတွင် နိုင်ပွဲတစ်ပွဲသာ ရရှိခဲ့ပြီး (၂)ပွဲသရေ၊ (၄)ပွဲရှုံးခဲ့သည်။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း တစ်ပွဲသရေ၊ တစ်ပွဲရှုံးထားသည့်အတွက် နည်းပြ လိုပယ်တယ်လီမှာ ဖိအားများအောက် ရောက်ရှိနေသည်။ လက်ရှိအခြေအနေအရ ဒေါ့မွန်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲတွင် ရလဒ်ကောင်း ရယူနိုင်ခြင်းမရှိခဲ့ပါက ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဟု သတင်းထွက်နေခဲ့ခြင်းဖြစ်ပြီး ဆီဗီလာ အသင်း၏ ဘောလုံးဒါရိုက်တာ မွန်ချီက အစားထိုးခန့်အပ်ရန် နည်းပြများကို ချိန်ရွယ်နေပြီဖြစ်ကြောင်း သိရသည်။ မွန်ချီ ပစ်မှတ်ထားနေသည့် နည်းပြများထဲ၌ ဘင်နီတက်ဇ်၊ ဆမ်ပါအိုလီတို့နှင့်အတူ ဗလင်စီယာနည်းပြဟောင်းနှစ်ဦးဖြစ်သည့် ဂျာဗီဂရာစီယာနှင့် ဟိုဆေးဘိုဒါလက်စ်တို့လည်း ပါဝင်နေကြောင်း သိရသည်။ အဆိုပါနည်းပြ(၄)ဦးအနက် အာဂျင်တီးနားနည်းပြ ဆမ်ပါအိုလီ(၆၂ နှစ်)က အလားအလာအကောင်းဆုံးဖြစ်ကြောင်းလည်း သတင်းထွက်နေသည်။ ဆမ်ပါအိုလီသည် ဆီဗီလာအသင်းကို ၂၀၁၆-၁၇ ရာသီက ကိုင်တွယ်ခဲ့ဖူးပြီး လာလီဂါတွင် အဆင့်(၄)နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

Share: