ချယ်လ်ဆီးနောက်ခံလူ ဖိုဖာနာ၏ဒဏ်ရာ မျှော်မှန်းထားသလောက် မပြင်းထန်ဘဲ လေးပတ်ခန့်သာ နားရမည်
ချယ်လ်ဆီးအသင်းနောက်ခံလူ ဖိုဖာနာ၏ ဒဏ်ရာအခြေအနေမှာ မျှော်မှန်းထားသလောက် ပြင်းထန်မှုမရှိသဖြင့် လေးပတ်ခန့်သာ အနားယူရဖွယ်ရှိကြောင်း သိရသည်။ ပြင်သစ် ယူ-၂၁ လက်ရွေးစင်ကစားသမား ဖိုဖာနာ (၂၁ နှစ်) သည် အေစီမီလန်အသင်းနှင့်ကစားသည့် ချန်ပီယံလိဂ်ပွဲတွင် ချယ်လ်ဆီးကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဒူးဒဏ်ရာရရှိခဲ့သောကြောင့် ပထမပိုင်း ၃၈ မိနစ်မှာပင် လူစားလဲခဲ့ရသည်။ ၎င်း၏ဒဏ်ရာမှာ ပြင်းထန်ဖွယ်ရှိကြောင်း ကနဦးခန့်မှန်းထားသော်လည်း ရက်သတ္တပတ်အနည်းငယ်သာ အနားယူရမည်ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက သောကြာနေ့တွင်ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ "ဝီဆလေရဲ့ဒူးက ကျွန်တော်တို့ ထင်ထားသလောက် မဆိုးပါဘူး။ ပွဲပြီးချိန်မှာ ကျွန်တော်တို့ စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရက်သတ္တပတ် နည်းနည်းလောက်ပဲကြာမယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ အခြေအနေက ဖြစ်နိုင်တာထက် တော်တော်လေးကောင်းမွန်ပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင် ပြန်ကစားနိုင်မလားဆိုတာကတော့ သူ့ရဲ့နာလန်ထူလာမယ့်အခြေအနေအပေါ် မူတည်ပါတယ်။ အချိန်ကာလကို အများကြီး မတွက်ထားချင်ပေမဲ့ အခွင့်အရေးတော့ရှိပါတယ်" ဟု ဂရေဟမ်ပေါ်တာက ဆိုသည်။

Share: