ကန်ချနာဘူရီစီးတီးအသင်းအတွက် တိုက်စစ်မှူး သန်းပိုင် ဂိုးသွင်းယူခဲ့ကာ ယခုရာသီ လေးဂိုးအထိရှိလာ
ယခုတစ်ပတ် ကျင်းပခဲ့သည့် ထိုင်းလိဂ်ပြိုင်ပွဲများတွင် မြန်မာကစားသမား ၁၀ ဦးအထိ ဝင်ရောက်ကစားခွင့်ရရှိခဲ့ပြီး ကန်ချနာဘူရီစီးတီးအသင်းအတွက် တိုက်စစ်မှူး သန်းပိုင် ဂိုးသွင်းယူခဲ့ကာ ယခုရာသီ လေးဂိုးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ယခုတစ်ပတ် ထိုင်းလိဂ်ပြိုင်ပွဲများကို ပြီးခဲ့သည့် အောက်တိုဘာ(၇၊ ၈၊ ၉) ရက်များက ကျင်းပခဲ့ပြီး မြန်မာကစားသမားများထဲမှ ဟိန်းဖြိုးဝင်း၊ မောင်မောင်လွင်၊ ငြိမ်းချမ်းအောင်၊ စိုးမိုးကျော်၊ လွင်မိုးအောင်၊ အောင်ကောင်းမာန်၊ ငြိမ်းချမ်း၊ သန်းပိုင်၊ ကောင်းထက်စိုး၊ ရန်လင်းအောင်တို ့ ကစားခွင့်ရရှိခဲ့ကာ၊ အောင်သူ၊ ဇော်မင်းထွန်း၊ မျိုးမင်းလတ်၊ ဆွမ်လမန်နှင့် အောင်ကျော်နိုင်တို ့မှာမူ ကစားခွင့်မရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကစားခွင့်မရရှိခဲ့သည့် ကစားသမား(၅) ဦးတွင် ဆွမ်လမန်မှာ ဗီဇာကိစ္စ၊ အောင်ကျော်နိုင်မှာ ဒဏ်ရာပြဿနာကြောင့် ဖြစ်ကြောင်း သိရသည်။ ထိုင်းလိဂ်-၃ ပြိုင်ပွဲတွင် သန်းပိုင်၏ ကန်ချနာဘူရီစီးတီးအသင်းမှာ အန်သောင်းအသင်းကို(၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး သန်းပိုင်က အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပွဲတွင် သန်းပိုင်မှာ ကန်ချနာဘူရီစီးတီးအသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ပွဲကစားချိန်(၁၈) မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် အဖွင့်ဂိုး၊ (၆၇) မိနစ်တွင် ဒုတိယအနိုင်ဂိုးများ သွင်းယူခဲ့ကာ နာကျင်အချိန်ပို၌ လူစားလဲခံခဲ့ရသည်။ ထိုင်းလိဂ်-၁ ကလပ် လမ်ဖွန်အသင်း၏တောင်ပံတိုက်စစ်ကစားသမားဖြစ်သူ မောင်မောင်လွင်မှာ ဒဏ်ရာကြောင့် နှစ်လကြာ အနားယူနေခဲ့ရာမှ ယခုတစ်ပတ် ယှဉ်ပြိုင်ကစားခဲ့သည့် အောင်သူ၏ဘူရီရမ်အသင်းနှင့်ပွဲတွင် ပထမဆုံးပြန်လည်ပါဝင်ကစားခွင့်ရခဲ့သည်။ လမ်ဖွန်အသင်းသည် မောင်မောင်လွင်ကို ပွဲထွက်ကစားသမားအဖြစ်သာမက ပွဲချိန်ပြည့်အထိ အသုံးပြုခဲ့သော်လည်း ဘူရီရမ်အသင်းကို (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ယခုတစ်ပတ် ကျင်းပခဲ့သည့် ထိုင်းလိဂ်ပြိုင်ပွဲများတွင် မြန်မာကစားသမားများထဲမှ မောင်မောင်လွင်၊ စိုးမိုးကျော်၊ အောင်ကောင်းမာန်၊ ကောင်းထက်စိုး။ ရန်လင်းအောင်တို့မှာ သက်ဆိုင်ရာအသင်းများတွင် ပွဲချိန်ပြည့် ကစားခွင့်ရခဲ့ပြီး နောက်တန်းလူများဖြစ်သည့် ဟိန်းဖြိုးဝင်းနှင့် ငြိမ်းချမ်းမှာ အဝါကတ်များ ပြသခံခဲ့ရကြောင်း သိရသည်။

Share: