အွန်နရီ (သို့) အရေးကြီးပွဲတိုင်းမှာ အာဆင်နယ်အတွက် အလုပ်မဖြစ်ခဲ့သူ

အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူး အွန်နရီကို ပရိသတ်တွေသိကြမှာပါ။ သူ့ခေတ်အခါတုန်းကတော့ တကယ့်ကို အများနဲ့မတူတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး၊ အသင်းတိုင်းကကြောက်ရွံ့ခဲ့ရတဲ့ တိုက်စစ်မှူးတစ်ဦးပါ။ ကစားသမားတိုင်းက အင်္ကျီလဲလိုတဲ့အထိ အောင်မြင်ခဲ့သူဆိုလည်းမမှားပါဘူး။ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှာ ပေးဆပ်ခဲ့စဉ်ကာလမှာ အောင်မြင်မှုတော်တော်များများရခဲ့ပြီး၊ အသင်းအတွက်အကျိုးအရှိဆုံးဖြစ်ခဲ့သူပါ။ ဒါပေမဲ့ အွန်နရီဟာ တကယ့်အရေးပါတဲ့ အာဆင်နယ်ပွဲတွေမှာ အလုပ်မဖြစ်ခဲ့သူတစ်ယောက်အဖြစ်လည်း မှတ်တမ်းတွေအရရှိနေပါတယ်။ ခြေစွမ်းကိုမကြည့်ဘဲ အဆုံးအဖြတ်ဖြစ်စေမယ့် ရှုထောင့်ကကြည့်မှာဖြစ်ပြီး အွန်နရီမဟုတ်ဘဲ တခြားတိုက်စစ်မှူးသာဖြစ်ခဲ့ရင် အာဆင်နယ်တမျိုးတဖုံပြောင်းလဲမယ့်အနေအထားတွေရှိခဲ့ပါတယ်။ အရင်ဆုံးအနေနဲ့ (၂၀၀၂)ခုနှစ် အာဆင်နယ်-ဂျူဗင် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာပါ။ အာဆင်နယ်ဟာ ဂျူဗင်တပ်ကိုနိုင်ရင် အုပ်စုကတက်မှာဖြစ်ပေမဲ့ ရှုံးခဲ့ပါတယ်။ အဆိုပါပွဲမှာ ဂိုးကျိန်းသေရမယ့် ထိချက်တစ်လုံး၊ ပင်နယ်တီတစ်လုံးနဲ့ ကန်ချက်တစ်ချက်လွဲချော်ခဲ့ပါတယ်။ အကယ်လို့သာ ဂိုးအဖြစ်ပြောင်းနိုင်ခဲ့ရင် (၃-၁)နဲ့နိုင်မှာဖြစ်ပေမဲ့ ရှုံးပြီးထွက်ခဲ့ရပါတယ်။ နောက်တစ်ခုကလည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာပါ။(၂၀၀၄)ခုနှစ်ချဲလ်ဆီးနဲ့တွေ့လာချိန်မှာ အာဆင်နယ်ဟာ အခွင့်အရေးတော်တော်များများကို အွန်နရီဆီပေးခဲ့ပေမဲ့ သူဟာနှစ်ကျော့လုံးဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ချဲလ်ဆီးတက်သွားခဲ့ပြီး၊ အဆုံးသတ်တိုက်စစ်မှူးဟာ အွန်နရီမဟုတ်ခဲ့ရင် တမျိုးပြောင်းသွားနိုင်ပါတယ်။ ဘာစီလိုနာနဲ့ချန်ပီယံလိဂ်ဖိုင်နယ်ကိုတော့ ပရိသတ်တွေမှတ်မိဦးမှာပါ။ ယန်းလေမန်းအထုတ်ခံရပြီး ရှုံးသွားခဲ့တဲ့နှစ်မှာ အာဆင်နယ်ဟာ အွန်နရီအပိုင်အခွင့်အရေးနှစ်ကြိမ်လွဲခဲ့တာကို မှတ်မိပါလိမ့်မယ်။ ဗဲလ်ဒက်နဲ့တစ်ယောက်ချင်းအတွေ့တစ်ကြိမ်မှာ ဂိုးမသွင်းနိုင်ခဲ့တာကတော့ တော်တော်လေးကိုဆိုးရွားမှုအဖြစ်ရှိနေခဲ့ပြီး၊ အကယ်လို့သာ ဝင်ခဲ့ရင် ဘာစီလိုနာအတွက် အဖြေပြောင်းလဲသွားနိုင်ပါတယ်။ ဒါကတော့ အာဆင်နယ်အတွက် ချန်ပီယံလိဂ်အရေးကြီးအနေအထားတွေမှာ အွန်နရီ ဂိုးသွင်းခွင့်ရပြီး ဂိုးမ၀င်တာတွေပါ။ ကျန်တဲ့ပွဲတွေကတော့ အခွင့်အရေးမရခဲ့ပါဘူး။နောက်ထပ်ဆိုးရွားတဲ့မှတ်တမ်းကတော့ အွန်နရီဟာ အာဆင်နယ်အတွက်အရေးကြီးတဲ့ ဗိုလ်လုပွဲ (၉)ပွဲကစားပေးခဲ့ဖူးပါတယ်။ တစ်လုံးမှမသွင်းဖူးပါဘူး။ တော်တော်လေးကိုထူးဆန်းပါတယ်။ ဥပမာ- ချဲလ်ဆီးတိုက်စစ်မှူး ဒရော့ဘာဟာ ဗိုလ်လုပွဲ(၁၀)ပွဲကစားဖူးပြီး (၁၀)ဂိုးတိတိသွင်းဖူးပါတယ်။ ဒါက အာဆင်နယ်တင်မဟုတ်ဘဲ ဘာစီလိုနာရောက်တော့လည်း ချန်ပီယံလိဖိုင်နယ်မှာဂိုးမသွင်းဖူးသလို ရှားရှားပါးပါးအနေနဲ့ ဆီးမီးဖိုင်နယ်တစ်ပွဲမှာ ဘာစီလိုနာအတွက်တစ်ဂိုးသွင်းပေးဖူးတာပဲရှိပါတယ်။ အဲဒီပွဲကလည်း ဘိုင်ယန်ကို (၃-၀)နိုင်တာဖြစ်တဲ့အတွက် အဆုံးအဖြတ်ဂိုးမဟုတ်ပြန်ပါဘူး။ နောက်တစ်ခုက အွန်နရီနဲ့ခေတ်ပြိုင် မန်ယူ၊ လီဗာပူး၊ ချဲလ်ဆီးအသင်းနဲ့တွေ့တိုင်းမှာ အိုးထရက်ဖို့ဒ်၊ လီဗာပူး၊ စတမ်းဖို့ဘရစ်ခ်ျတို့ကို ဂိုးအများကြီးမသွင်းဖူးပါဘူး။ ရှစ်ရာသီလုံးမှာမှ မန်ယူအိမ်ကွင်းမှာ (၆-၁)နဲ့ရှုံးတဲ့ပွဲတစ်ကြိမ်၊ လီဗာပူးကို တစ်ကြိမ်နဲ့ ချဲလ်ဆီးကို နှစ်ကြိမ်စုစုပေါင်း (၄)လုံးပဲသွင်းဖူးပါတယ်။ ကြီးလေးကြီးကိုသွားကစားရချိန်မှာ ရာသီရှစ်ခုမှမှ လေးလုံးပဲသွင်းဖူးတာဖြစ်ပါတယ်။ နောက်တစ်ခုက အဆိုပါကာလတွေမှာ အာဆင်နယ်အတွက် ချန်ပီယံလိဂ်ကစားပေးရချိန်မှာ အွန်နရီဟာအသင်းအတွက်အရေးပါတဲ့ဂိုး တနည်းအဆုံးအဖြတ်ဂိုးကို (၆)ဂိုးပဲသွင်းပေးဖူးပါတယ်။ အတော်လေးကိုနည်းလွန်းတဲ့ ပမာဏဖြစ်ပြီး လီဗာပူးတိုက်စစ်မှူး မာနေးဟာ (၂၀၁၇-၁၈)ချန်ပီယံလိဂ်ရာသီမှာ တစ်ရာသီတည်း (၇)ဂိုးအထိ အဆုံးအဖြတ်ဂိုးသွင်းပေးဖူးပါတယ်။ ဖိုင်နယ်မှာတောင်သွင်းပေးထားပေမဲ့ ရှုံးခဲ့တာပါ။ အွန်နရီဟာ (၆)လုံးပဲသွင်းပေးဖူးပါတယ်။ အုပ်စုအဆင့်နဲ့ ကွာတားတချို့မှာပါ။ ဖိုင်နယ်မှာတစ်လုံးမှမသွင်းဖူးပါဘူး။ ဒီအချက်တွေအရကြည့်မယ်ဆိုရင် အာဆင်နယ်ဟာ အွန်နရီဆီကနေ အရေးကြီးပွဲတိုင်းမှာ ဂိုးရခဲ့ဘဲ တခြားသူတွေကြောင့်သာ အနိုင်ရခဲ့တာကိုတွေ့ရမှာပါ။ ခြေစွမ်းနဲ့မဆိုင်ဘဲ အလုပ်မဖြစ်တာကို သတိပြုရမှာဖြစ်ပြီး အာဆင်နယ်အရေးကြီးတိုင်း အွန်နရီမရှိခဲ့ဘူးလို့ ဆိုရမှာပဲဖြစ်ပါတယ်။ အားဘောင် (NewsExpress)

Share: