သူ့နေရာကို ဆက်ခံနိုင်မယ့်သူ အဖြစ် မက်ပီကို ချီးကျူးခဲ့တဲ့ ရော်နယ်ဒို

ဂျူဗင်တပ်စ်စတား ရော်နယ်ဒိုဟာ ပြင်သစ်စတားလေး ကိုင်လီယန်မက်ပီကို အနာဂတ်လို့ တင်စားပြီး သူ့နေရာကို လွှဲပြောင်းပေးဖို့ စီစဉ်နေပါတယ်။ ဒီကစားသမား နှစ်ယောက်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၉ ပွဲ ကစားပြီး ၂၄ ဂိုး သွင်းယူထားနိုင်ကြပါတယ်။ ရော်နယ်ဒိုဟာ ဘောလွန်းဒီအော်ဆုကို ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် လီယွန်နယ်မက်စီနဲ့ အပြိုင်အဆိုင်ဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ မက်ပီဟာ ထိပ်တန်းအဆင့် ပြိုင်ပွဲတွေမှာ သူ့ရဲ့နေရာကိုဆက်ခံနိုင်မယ့်အဖြစ် ယူဆလျက်ရှိပါတယ်။ ရော်နယ်ဒိုက “မက်ပီက လက်ရှိနဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ သူပါ။ သူကအရမ်းတော်တဲ့ ကစားသမားလေးပါ။ အရမ်းလည်း မြန်တယ်။ သူက အနာဂတ်ရဲ့ ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်လာမှာပါ” လို့ ပြောခဲ့ပါတယ်။ တိုက်စစ်မှူး နှစ်ယောက်စလုံးဟာ ဒီရာသီမှာ ချန်ပီယံလိဂ်အောင်မြင်မှု ရရှိဖို့ ကြိုးစားနေကြပြီး ၃၅ နှစ် အရွယ် ရော်နယ်ဒိုက သူ့ရဲ့ ၆ ကြိမ်မြောက် ချန်ပီယံဖလားအတွက် ကြိုးစားနေပြီး ၂၁ နှစ် အရွယ် မက်ပီကတော့ သူ့ရဲ့ ပထမဆုံး ချန်ပီယံဆုဖလားအတွက် ကြိုးစားမှာပဲ ဖြစ်ပါတယ်။ နောက်တစ်ပတ်ကျရင်တော့ ရော်နယ်ဒိုရဲ့ ဂျူဗီက လိုင်ယွန်အသင်းနဲ့ ၁၆ သင်း အဆင့် ပထမအကျော့ကို ရင်ဆိုင်သွားမှာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အရင်ကတည်းက သိကျွမ်းဖူးသူတွေ ဖြစ်ပြီး ပေါ်တူဂီသား ရီးရဲလ်မှာ စတင်ကစားစဉ်က မက်ပီကို ရီးရဲလ်လေ့ကျင့်ရေးကွင်းကို လာလည်ဖို့ ဖိတ်ခေါ်ခဲ့ဖူးပါတယ်။ မက်ပီဟာ ငယ်စဉ်ကတည်းက ရော်နယ်ဒိုကို ရူးသွပ်ခဲ့သူဖြစ်ပြီး သူ့အခန်းရဲ့ နံရံတွေမှာ ရော်နယ်ဒိုရဲ့ ပိုစတာတွေနဲ့ ပြည့်နေတဲ့ ပုံကနာမည်ကျော်ပါတယ်။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်က စပြီး သူဟာရော်နယ်ဒိုရဲ့ ပရိသတ်မဟုတ်တော့ပဲ ပြိုင်ဘက်ဖြစ်သွားပြီဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ ဒါပေမဲ့ မက်ပီက “သူက ကျွန်တော့်ရဲ့ ငယ်ဘ၀ idol ပါ။ ကျွန်တော် ရီးရဲလ် လေ့ကျင့်ရေးကွင်းကို သွားခဲ့တုန်းက သူနဲ့တွေ့ခွင့်ရလို့ အရမ်းဝမ်းသာပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်က သူ့ရဲ့ပြိုင်ဘက်ပါ။ ပြီးတော့ ကျွန်တော်က ပြိုင်ပြီဆို နိုင်ချင်တဲ့သူပါ။ နိုင်ပြီးရင်း နိုင်ချင်တယ်။ ဒီလိုပြောလို့ နည်းနည်း ကြီးကျယ်သလိုတော့ ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်ကနိုင်ချင်တယ်လေ။ ကျွန်တော် သူ့ကို လေးစားအားကျခဲ့ဖူးပေမဲ့ အခုချိန်မှာတော့ အားလုံးက ပြီးဆုံးသွားပါပြီ” လို့ ပြောခဲ့ဖူးပါတယ်။ မက်ပီကို “ချီးကျူးခဲ့တာ ခရစ္စတီယာနိုရော်နယ်ဒို တစ်ယောက်တည်း မဟုတ်ပါဘူး။ ဘရာဇီး ဂန္တဝင်ကြီး ရော်နယ်ဒိုနာဇာရီယိုကလည်း ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံလေးကို ချီးကျူးခဲ့ဖူးပါတယ်။ ရော်နယ်ဒိုကြီးက သူ့ကို သဘောကျပါတယ်။ သူက မြန်လည်းမြန်၊ အဆုံးသတ်ကလည်းကောင်း အသက်ကလည်း ၂၀ ပဲရှိသေးတယ်” ဆိုပြီး ချီးမွမ်းခဲ့ဖူးပါတယ်။

Share: