■ ပရီးမီးယားလိဂ်ချန်ပီယံစိန်ခေါ်ပွဲတွင် မပါနိုင်တော့ဟု ယာဂန်ကလော့ပ် ဝန်ခံ
လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အာဆင်နယ်အသင်းအား ရှုံးနိမ့်ပြီးနောက် မိမိတို့အနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံစိန်ခေါ်ပွဲတွင် ပါဝင်နိုင်ခြင်းမရှိတော့ကြောင်း ဝန်ခံပြောကြား သည်။ ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) အဖြစ် တနင်္ဂနွေနေ့ညပိုင်းက အာဆင်နယ်နှင့် လီဗာပူးလ်အသင်းတို့ အီမရိတ်စ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ အိမ်ရှင်အာဆင်နယ်အသင်းက (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။ လီဗာပူးလ်အသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်တွင် ရှစ်ပွဲကစားပြီးနောက် နှစ်ပွဲသာ အနိုင်ရထားပြီး လေးပွဲသရေ၊ နှစ်ပွဲရှုံး၊ ရမှတ် ၁၀ မှတ်ဖြင့် တနင်္ဂနွေနေ့ပွဲစဉ်များအပြီးတွင် အဆင့် ၁၀ နေရာရောက်ရှိနေသလို ဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းနှင့် တစ်ပွဲလျော့ ၁၄ မှတ်၊ ဒုတိယနေရာမှ မန်စီးတီးအသင်းနှင့် တစ်ပွဲလျော့ ၁၃ မှတ် ကွာဟနေပြီဖြစ်သည်။ ယင်းကဲ့သို့ ရှစ်ပွဲကစားအပြီးတွင် ၁၀ မှတ်သာရရှိထားခြင်းမှာ ၂၀၁၂-၂၀၁၃ ရာသီ (ရှစ်ပွဲကစား၊ ကိုးမှတ်) နောက်ပိုင်း ဆယ်စုနှစ်တစ်ခုအကြာတွင် အဆိုးရွားဆုံး ရာသီအဖွင့်ရလဒ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ သို့ဖြစ်ရာ ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ယာဂန်ကလော့ပ်က ''ကျွန်တော်တို့က ပြိုင်ပွဲထဲမှာ မပါတော့ပါဘူး။ ဒီနေရာမှာထိုင်နေပြီးတော့ 'ငါတို့ရောက်ခါနီးနေပြီ၊ ခဏစောင့်ပါဦး'လို့ တွေးကြည့်လိုက်ရင် အကြောင်းအရာတွေအများကြီးကို ကျွန်တော်တို့တွေ့ရမှာပါ။ အခုလောလောဆယ် ကျွန်တော်တို့ဆီမှာ ပြဿနာတွေရှိနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ပုံစံကောင်းရနေတဲ့ ဇယားထိပ်ဆုံးက အသင်းကို ဒီနေ့မှာ ပြဿနာတွေအများကြီး ကြုံတွေ့စေခဲ့တယ်။ ကျွန်တော်တို့က တကယ်ခက်ခဲတဲ့အခြေအနေ ရောက်နေတာတောင် သူတို့ကို ပြဿနာကြုံတွေ့အောင် လုပ်နိုင်ခဲ့တယ်။ အဲဒါကလည်း အမှန်တရားပါပဲ။ ကျွန်တော်တို့ ဒါကိုဆက်လုပ်ရမယ်။ ကျွန်တော်တို့က ဒီလိုအခြေအနေမျိုးမှာ အာဆင်နယ်၊ ရိန်းဂျားစ်တို့နဲ့ ကစားခဲ့ရပြီး နောက်ထပ်လည်း မန်စီးတီးနဲ့ ကစားရဦးမယ်။ သူတို့က ယုံကြည်မှု ပြန်ရှာတွေ့စေမယ့် အကောင်းဆုံးပြိုင်ဘက်လားဆိုရင်တော့ မဖြစ် နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရင်ဆိုင်တိုက်ပွဲဝင်ရပါမယ်။ အဲဒါက ကျွန်တော်တို့လုပ်ရမယ့်အရာပါ''ဟု ပြောကြားသည်။ ထို့ပြင် ယင်းပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သည့် လူးဝစ်ဒီယက်ဇ်နှင့် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့သည့် အလက်ဇန္ဒားအာနိုးလ်တို့၏ အခြေအနေမှာ ကောင်းမွန်ခြင်းမရှိဘဲ Scan စစ်ဆေးမှုပြုလုပ်ရမည်ဖြစ်ကြောင်း ယာဂန်ကလော့ပ်က ဆက်လက်ပြောကြားသည်။

Share: