ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးအထိနာခဲ့သည့် အင်တာမီလန်အသင်းသည် ရင်းနှီးမြှုပ်နှံမှုအသစ်များ ရရှိရန်မျှော်လင့်နေကြောင်း သိရသည်။ ပြီးခဲ့သည့် သောကြာနေ့ကကစားခဲ့သော ဖီအိုရင်တီးနားအသင်းနှင့် စီးရီးအေပွဲစဉ် မတိုင်မီတွင် အင်တာမီလန်အသင်း CEO ဘီပီမာရော့တာက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အင်တာမီလန်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘဏ္ဍာရေးအထိနာခဲ့သလို၊ ဥရောပပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းကြောင့်လည်း ဝင်ငွေထိခိုက်ခဲ့ရသည်။ အင်တာမီလန်အသင်းသည် လက်ရှိရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရီးယဲလ်၊ မိုချန်ဂလာဘတ်၊ ရှက်တာဒိုးနက်အသင်းများနှင့် အုပ်စုတစ်ခုတည်း ကျရောက်ခဲ့ပြီး အုပ်စုနောက်ဆုံးနေရာသာရရှိကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ဘီပီမာရော့တာက '' ကျွန်တော်တို့မှာ ဖြေရှင်းရမယ့်ပြဿနာတွေ ရှိနေပါတယ်။ ကျွန်တော်တို့ ဖြေရှင်းနိုင်တာထက်ပိုတဲ့ ပြဿနာမျိုးတွေဖြစ်ပေမဲ့ အင်တာမီလန်အသင်း၊ အင်တာမီလန်အသင်းပရိသတ်နဲ့ အင်တာမီလန်အသင်းရဲ့ သမိုင်းကြောင်းအတွက် အကောင်းဆုံးနည်းလမ်းကို ရှာဖွေပြီး ဖြေရှင်းသွားပါမယ်။ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအခြေအနေက ကျဉ်းမြောင်းသွားပါပြီ။ ကမ္ဘာ့ဘောလုံးလောကကလည်း ထိခိုက်နေပါပြီ။ အခုအချိန်မှာ ကျွန်တော်တို့ရှေ့ကို ချီတက်သင့်နေပြီး အဖြေအမြန်ဆုံးရှာဖို့လည်း လိုအပ်နေပါပြီ။ ကျွန်တော်တို့နောက်မှာ ပြဿနာတွေရှိခဲ့ပြီး အဲဒီပြဿနာတွေဟာ ကျွန်တော်တို့ရဲ့ ရှယ်ယာရှင်တွေကို စိုးရိမ်မှုတွေဖြစ်စေပါတယ်'' ဟု ပြောကြားခဲ့သည်။ အင်တာမီလန်အသင်းကို ပိုင်ဆိုင်ထားသည့် ဆန်နင်းစီးပွားရေးအဖွဲ့ အစည်းသည် ရှယ်ယာရှင်အသစ်များ ရှာဖွေနေသည်ဟု ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက သတင်းများထွက်ပေါ်ခဲ့ဖူးသည်။သို့သော် အဆိုပါသတင်းများကို အင်တာမီလန်အသင်းဘက်က ငြင်းဆန်ခဲ့ပြီး တရုတ်အခြေစိုက် ဆန်နင်းစီးပွားရေးအဖွဲ့အစည်းသည် အင်တာမီလန်အသင်းကို ရောင်းချမည်မဟုတ်ကြောင်းလည်း ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အင်တာမီလန်အသင်းသည် ပြီးခဲ့သည့်ရာသီက ယူရိုသန်း (၁၀၀) ဆုံးရှုံးခဲ့ပြီး လက်ရှိရာသီကုန်ဆုံးချိန်တွင်လည်း အရှုံးငွေပမာဏ ပိုမိုမြင့်တက်လာနိုင်ကြောင်း Financial Times က ဖော်ပြခဲ့သည်။ ထို့ပြင် အင်တာမီလန်အသင်းအနေဖြင့် လာမည့်ရာသီတွင် ပုံမှန်အတိုင်းလည်ပတ်နိုင်ရန်အတွက် ယူရိုသန်း (၂၀၀)ဝန်းကျင် အရေးပေါ်လိုအပ်နေပြီး ရင်းနှီးမြှုပ်နှံ သူအသစ်များ မဖြစ်မနေရှာဖွေရမည် ဖြစ်သည်။

Share: