ဒိုင်များ၏ဆုံးဖြတ်ချက်အမှားကြောင့် ရိုးမားအသင်း ရမှတ်များစွာ ဆုံးရှုံးနေရကြောင်း မော်ရင်ဟို ပြစ်တင်


လက်ရှိရာသီတွင် စီးရီးအေဒိုင်လူကြီးများကို မကြာခဏဝေဖန်မှုများပြုလုပ်နေသည့် ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ဖီအိုရင်တီးနားအသင်းအား (ဝ-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ပွဲအပြီး၌ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်အမှားကြောင့် သူ၏အသင်း ရမှတ်များစွာဆုံးရှုံးနေရကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။ ရိုးမားနှင့် ဖီအိုရင်တီးနားအသင်းတို့သည် လက်ရှိအချိန်တွင် ယူရိုပါလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေပြီး ယခုလို ရှုံးပွဲကြုံတွေ့ရသဖြင့် မော်ရင်ဟို၏ ရိုးမားအသင်းအတွက် များစွာနစ်နာခဲ့ရသည်။ အဆိုပါပွဲတွင် ဖီအိုရင်တီးနားအသင်းဘက်သို့ ပေးခဲ့ရသော ပယ်နယ်တီနှင့် ပတ်သက်ပြီး မော်ရင်ဟိုက VAR ဒိုင် လူကာဘန်တီကို ပြင်းပြင်းထန်ထန်ပြစ်တင်ခဲ့သည်။ အဆိုပါ ပယ်နယ်တီ ပေးရသည့်ဖြစ်စဉ်တွင် ရိုးမားအသင်းမှ ကားလ်စ်ဒေါ့ပ်သည် ဖီအိုရင်တီးနားအသင်းမှ နီကိုဂွန်ဇာလက်ဇ်၏ ခြေချင်းဝတ်ကို ရည်ရွယ်ချက်မပါဘဲ ဖြေးညင်းစွာထိခဲ့သော်လည်း ပယ်နယ်တီပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ပွဲချိန် နောက်ပိုင်းတွင် နီကိုဂွန်ဇာလက်ဇ်သည် ရိုးမားအသင်းမှ ခရစ္စတီယန်တေ၏ ဆွဲခြင်းကိုခံရသော်လည်း VAR ဒိုင် လူကာဘန်တီက ပယ်နယ်တီမပေးခဲ့ကြောင်း သိရသည်။ "မစ္စတာဘန်တီဆီကနေ ဖြေရှင်းချက်ကို ကျွန်တော်တို့ စောင့်နေတာကြာပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ မရရှိခဲ့ပါဘူး။ ကျွန်တော့်ကစားသမားထိခဲ့တာ ခပ်ပျော့ပျော့ပါ။ ဒါက ပြစ်ဒဏ်ဘောမဟုတ်ပါဘူး။ ကွင်းလယ်ဒိုင်ကလည်း ဒါကို နီးနီးကပ်ကပ်မြင်ရပါတယ်။ ဒါပေမဲ့ VAR ဒိုင် လူကာဘန်တီက ပယ်နယ်တီပေးလိုက်ပါတယ်။ ပယ်နယ်တီမပေးရရင်လည်း ဖီအိုရင်တီးနားက ကောင်းမွန်ပြီးသား အသင်းပါ။ သူတို့က အာရုံစူးစိုက်မှုအပြည့်နဲ့ အရှိန်မြှင့်ကစားနိုင်ပါတယ်။ သူတို့က အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော် အခုပြောချင်တာ ရမှတ် (၃)မှတ်အတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်း နစ်နာခဲ့ပြီး ဖြေရှင်းချက်မရတဲ့ ဖြစ်ရပ်တွေအတွက် ပြောနေရတာပါ" ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။ DAZN ဝေဖန်သုံးသပ်သူ လူကာမာရယ်လီကလည်း ရိုးမားအသင်းပေးခဲ့ရသည့်ပယ်နယ်တီမှာ မဖြစ်သင့်ကြောင်း၊ VAR ဒိုင်များ၏ လွဲမှားသောဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Share: