ရီးယဲလ်အသင်းသမိုင်းတွင် ပြောင်းရွှေ့ကြေး စတုတ္ထအများဆုံးအဖြစ် ချူယာမန်နီ မှတ်တမ်းဝင်ခဲ့ပြီး ဇွန်(၁၄)ရက်၌ မိတ်ဆက်ပွဲပြုလုပ်မည်
ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် စတုတ္ထမြောက် ပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ် ပြင်သစ်ကွင်းလယ်ကြယ်ပွင့် ချူယာမန်နီက မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ ရီးယဲလ်အသင်းသည် ဇွန်လ(၁၄)ရက်(ယနေ့)တွင် ချူယာမန်နီကို ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် မြန်မာစံတော်ချိန် ညနေ(၄း၃၀)နာရီတွင် မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်သွားမည်ဖြစ်သည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့် ၂၀၂၂-၂၀၂၃ ရာသီအတွက် ပြင်ဆင်မှုအဖြစ် မိုနာကိုအသင်းမှ ချူယာမန်နီကို ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၈၀)၊ Add-ons ကြေး ယူရိုသန်း(၂၀) ဖြင့် ခေါ်ယူခဲ့သည်။ ရီးယဲလ်အသင်းသည် ယခုနွေရာသီတွင် အဓိကပစ်မှတ် ကစားသမားဖြစ်သည့် PSG အသင်း၏ ပြင်သစ်ကြယ်ပွင့် တိုက်စစ်မှူး ဘာပေကို ခေါ်ယူနိုင်မည့်အခွင့်အရေး လက်လွှတ်ခဲ့ရပြီးနောက် ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ တစ်ဦးဖြစ်သည့် ချူယာမန်နီကို အရခေါ်ယူနိုင်ခဲ့သည်။ ချူယာမန်နီ၏အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း နှစ်သင်းစလုံးက စနေနေ့ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိသည့် (၆)နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။ ၎င်းကို လီဗာပူးလ်၊ မန်ယူ၊ PSG စသည့် ဥရောပထိပ်တန်းကလပ်များစွာက စိတ်ဝင်စားခဲ့ပြီး ရီးယဲလ်အသင်းက လက်ဦးမှု ရယူနိုင်ခဲ့သည်။ ချူယာမန်နီ (၂၂ နှစ်)သည် ၂၀၂၀ ဇန်နဝါရီတွင် ဘော်ဒိုးအသင်းမှ မိုနာကိုအသင်းသို့ ယူရို (၁၆)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မိုနာကိုအသင်းအတွက် ကစားပေးခဲ့သည့် (၂)ရာသီခွဲအတွင်း ပြိုင်ပွဲစုံ (၉၅) ပွဲကစား၊ (၈)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ၎င်းသည် ပြင်သစ်အသင်းတွင်လည်း ပုံမှန်ကစားခွင့်ရနေပြီး ပြိုင်ပွဲစုံ (၁၁) ပွဲကစား၊ တစ်ဂိုးသွင်းယူပေးထားသည်။ ၎င်းရောက်ရှိလာသဖြင့် အနာဂတ်တွင် ရီးယဲလ်၏ကွင်းလယ်စုဖွဲ့မှုကို ဗယ်လ်ဗာဒီ၊ ကာမာဗင်ဂါတို့နှင့်အတူ တွေ့မြင်ရဖွယ်ရှိသည်။

Share: