PFA ၏ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်း၌ ဆွန်ဟောင်မင် မပါဝင်သည့်အပြင် မန်စီးတီးကွင်းလယ်လူ ရိုဒရီ ရွေးချယ်မခံရခြင်းကိုလည်း ပရိသတ်များပြစ်တင်ဝေဖန်
ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့(PFA)သည် ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းကို ရွေးချယ်ထုတ်ပြန်ခဲ့ရာတွင် ဆွန်ဟောင်မင် မပါဝင်သည့်အပြင် မန်စီးတီးကွင်းလယ်လူ ရိုဒရီ ရွေးချယ်မခံရခြင်းကိုလည်း ပရိသတ်များက ပြစ်တင်ဝေဖန်ခဲ့ကြသည်။ စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် လီဗာပူးလ်တိုက်စစ်မှူး ဆာလာနှင့်အတူ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုကို ပူးတွဲရယူနိုင်ခဲ့သော်လည်း အကောင်းဆုံးအသင်းတွင် ပါဝင်လာခြင်းမရှိသည့်အတွက် ရာဇဝတ်မှုမြောက်သည်ဟုပင် ပရိသတ်တစ်ဦးက ပြစ်တင်ခဲ့သည်။ ထို့ပြင် မန်စီးတီးအသင်းအတွက် ခြေစွမ်းပြခဲ့သည့် ကွင်းလယ်ကစားသမား ရိုဒရီ ရွေးချယ်ခံရခြင်းမရှိဘဲ လီဗာပူးလ်ကွင်းလယ်လူ သီယာဂို ရွေးချယ်ခံခဲ့ရခြင်းနှင့် လီဗာပူးလ်ကစားသမားအများဆုံး ပါဝင်ခဲ့ခြင်းအပေါ်လည်း လီဗာပူးလ်အသင်းက ချန်ပီယံဆုရရှိခဲ့သလားဟု မေးခွန်းထုတ်ဝေဖန်ခဲ့ကြသည်။ PFA အကောင်းဆုံးအသင်းမှာ ကစားသမားအချင်းချင်း၏ ဆန္ဒမဲဖြင့် ရွေးချယ်ခြင်းဖြစ်ပြီး ပြိုင်ပွဲမပြီးဆုံးမီ၊ ချန်ပီယံဆုအတွက် အဖြေမထွက်မီကတည်းက မဲစာရင်းပိတ်ခဲ့ခြင်းဖြစ်သောကြောင့် ဝေဖန်စရာဖြစ်ခဲ့ရခြင်းဟု သိရသည်။

Share: