ဂျူဗင်တပ်စ်အသင်းမှ အလွတ်ထွက်ခွာမည့် ဒီဘားလားအား အင်တာမီလန်အသင်း (၃) နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ရန်နီးစပ်

ပြီးခဲ့သည့်ရာသီက မြို့ခံပြိုင်ဘက် အေစီမီလန်အသင်း၏နောက် ဒုတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည့် အင်တာမီလန်အသင်းသည် အသင်းကို အင်အားဖြည့်တင်းမှုများပြုလုပ်နေပြီး ဂျူဗင်တပ်စ်အသင်းထံမှ ပြောင်းရွှေ့ကြေအလွတ်ဖြင့် ထွက်ခွာမည့် ဒီဘားလားကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရှိရသည်။ ဒီဘားလားအား အင်တာမီလန်အသင်းက (၃)နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ရန်နီးစပ်နေခြင်းဖြစ်ပြီး လက်မှတ်ထိုးကြေးအပြင် ဂျူဗင်တပ်စ်အသင်းတွင် ရရှိနေသည့် လစာငွေထက် ပိုမိုပေးချေသွားမည်ဟု သိရှိရသည်။ အင်တာမီလန်အသင်းသည် ချယ်လ်ဆီးအသင်းထံသို့ ပြေင်းရွှေ့သွားခဲ့သည့် တိုက်စစ်မှူးဟောင်း လူကာကူကို ပြန်လည် ခေါ်ယူရန် စီစဉ်နေပြီး လူကာကူနှင့် ဒီဘားလားတို့ကို ခေါ်ယူနိုင်ပါက လော်တာရိုမာတီနက်ဇ်ကို ပြန်လည်ရောင်းထုတ်ရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။ ဂျူဗင်တပ်စ်အသင်းကမူ ဒီဘားလား ထွက်ခွာသွားခြင်းနှင့်အတူ လစာပေးချေမှုလျော့နည်းသွားမည်ဖြစ်သဖြင့် အသင်း၏ ကွင်းလယ်လူဟောင်း ပေါ့ဘာကို မြင့်မားသည့် လစာနှုန်းထားဖြင့် ပြန်လည်ခေါ်ယူရန် စီစဉ်နေသည်။

Share: