■ မာတာကို တစ်နှစ်ယူရို(၁၀)သန်းဖြင့် ခေါ်ယူရန် အယ်လ်ဟီလယ်လ် ကမ်းလှမ်း

ဆော်ဒီကလပ် အယ်လ်ဟီလယ်လ်အသင်းသည် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး အလွတ်ထွက်ခွာခွင့်ရရှိထားသည့် ၀ါရင့်စပိန်ကွင်းလယ်ကစားသမား မာတာကို တစ်နှစ်ယူရို(၁၀)သန်းဖြင့် ကမ်းလှမ်းထားကြောင်း AS သတင်းစာက ဖော်ပြခဲ့သည်။ မာတာ(၃၄ နှစ်)သည် မန်ယူအသင်းတွင် (၇)ရာသီကြာကစားခဲ့ပြီးနောက် အသင်းနှင့်လမ်းခွဲရမည့်စာရင်းထဲ ပါဝင်လာခဲ့ခြင်းဖြစ်ပြီး အနာဂတ်အတွက် ဆုံးဖြတ်ရခြင်းမရှိသေးပေ။ ၎င်းကို ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းအချို့ နှင့် လာလီဂါအသင်းအချို့က ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်ခဲ့ပြီးနောက် ယခုအခါ ဆော်ဒီကလပ် အယ်လ်ဟီလယ်လ်အသင်းက တစ်နှစ်ယူရို(၁၀)သန်းဖြင့် ကမ်းလှမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ မာတာသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တူရကီကလပ်အသင်းအချို့၏ ကမ်းလှမ်းမှုကို ပယ်ချထားခဲ့သော်လည်း အယ်လ်ဟီလယ်လ်အသင်း၏ ကမ်းလှမ်းမှုမှာ မက်မောဖွယ်ဖြစ်သောကြောင့် လက်ခံစဉ်းစားဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။ သို့သော် မာတာသည် စပိန်မြေပြင်ပတွင် (၁၀)နှစ်ကျော် ကျင်လည်ခဲ့ပြီးဖြစ်သောကြောင့် လာလီဂါအသင်းများ၏ ကမ်းလှမ်းမှုကို လက်ခံကာ စပိန်မြေသို့ ပြန်လည်ခြေချဖွယ်ရှိသည်ဟုလည်း အချို့က ခန့်မှန်းနေကြသည်။ မာတာကို လာလီဂါကလပ်များဖြစ်သည့် ဆီဗီလာ၊ ဘက်တစ်နှင့် ဆိုစီဒက်အသင်းတို့က ခေါ်ယူရန် လိုလားနေကြောင်း သိရသည်။

Share: