အမျိုးသမီးလိဂ်ပြိုင်ပွဲကို လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများအပေါ်မူတည်၍ ကျင်းပမည်

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခုနှစ်အတွင်း ပြန်လည်ကျင်းပရန် စီစဉ်ထားသည့် အမျိုးသမီးလိဂ်ပြိုင်ပွဲ (Myanmar Women League) ကို မြန်မာ့လက်ရွေးစင် နှင့် လူငယ်လက်ရွေးစင် အမျိုးသမီးအသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများအပေါ် မူတည် ၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ် ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး (၃)ရာသီ ကျင်းပပြီးနောက် ရပ်နားထားရခြင်းဖြစ်သည်။ ၂၀၁၆-၂၀၁၇ ရာသီ၊ ၂၀၁၇-၂၀၁၈ ရာသီ၊ ၂၀၁၈-၂၀၁၉ ရာသီတို့ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အမျိုးသမီး လက်ရွေးစင်အသင်းများ ၏ နိုင်ငံတကာပြိုင်ပွဲများကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့သလို ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင်လည်း ကပ်ရောဂါအခြေအနေကြောင့် ပြုလုပ် နိုင်ခြင်း မရှိခဲ့ပေ။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၊ ယူ-၁၈ အမျိုးသမီးအသင်းနှင့် ယူ-၁၆ အမျိုးသမီးအသင်းတို့မှာ ယခုနှစ် အတွင်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး မြန်မာ့လက်ရွေးစင် စီနီယာအမျိုးသမီး အသင်း ယှဉ်ပြိုင်မည့် ၂၀၂၂ အာဆီယံ အမျိုး သမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် (၄)ရက်မှ (၁၇)ရက်၊ မြန်မာ ယူ-၁၈ အမျိုးသမီးအသင်း ယှဉ်ပြိုင်မည့် ၂၀၂၂ အာဆီယံ ယူ-၁၈ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် (၂၂)ရက်မှ သြဂုတ် (၄)ရက်အထိ ကျင်းပမည်ဖြစ်ပြီး အာဆီယံ ယူ-၁၅ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပမည့် ကာလကိုမူ အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။ ထို့ပြင် ၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ချန်ပီယံ အားကာသိပ္ပံအသင်း သည် ၂၀၂၂ အာရှ အမျိုးသမီးကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Share: