စစ်ပွဲကို ဆန့်ကျင်သည့်စကားပြောမိလျှင် အသတ်ခံရလိမ့်မည်ဟု ရုရှားအသင်းခေါင်းဆောင်ဟောင်း ဒန်နီဆော့ဗ် ဖွင့်ဟ

ရုရှားလက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း အီဂေါ်ဒန်နီဆော့ဗ်က ယူကရိန်းနှင့် ဖြစ်ပွားနေသည့် စစ်ပွဲအကြောင်း ဆန့်ကျင်သည့်စကားပြောမိလျှင် ထောင်ဒဏ် သို့မဟုတ် သေဒဏ်ပေးခံရလိမ့်မည်ဖြစ်ကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။ အသက် ၃၈ နှစ်ရှိပြီဖြစ်သည့် ကွင်းလယ်လူဟောင်း ဒန်နီဆော့ဗ်သည် ရုရှားလက်ရွေးစင်အဖြစ် ၂၀၀၈ မှ ၂၀၁၆ ခုနှစ်အတွင်း ၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၁၉ ခုနှစ် မေလတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်သည်။ နာမည်ကြီး ရုရှားဂျာနယ်လစ် နိုဘယ်အာရက်စ်အမ်ယန်နှင့်ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်၍ ဒန်နီဆော့ဗ် က "ဒါက ကပ်ဆိုးတစ်ခုဖြစ်ပြီး ပြီးပြည့်စုံတဲ့ ထိတ်လန့်စရာဖြစ်ရပ်ပါ။ ဒီစကားတွေကြောင့် ကျွန်တော့်ကို ထောင်ထဲပို့တာ ဒါမှမဟုတ် သတ်ပစ်တာမျိုး လုပ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်ကလည်း အဲဒါမျိုးတွေပြောဖြစ်နေတယ်။ အားလုံးကို ရပ်တန့်ပေးမယ်ဆိုရင် ကျွန်တော် ဒူးထောက်ဖို့လည်း အဆင်သင့်ပဲလို့ ပူတင် (သမ္မတ) ဆီ စာရေးပြီး ပို့ခဲ့ပါသေးတယ်" ဟု ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၌ နေထိုင်ဆဲဖြစ်သည့် ထင်ရှားကျော်ကြားသူများမှာ စစ်ပွဲကိုဆန့်ကျင်သည့်အကြောင်း ထုတ်ဖော်ပြောဆိုမှု အလွန်နည်းပါးလျက်ရှိကြောင်း သိရသည်။ ရုရှားမီဒီယာများအနေဖြင့် ယူကရိန်းစစ်ပွဲနှင့်ပတ် သက်၍ "ကျူးကျော်ခြင်း"၊ "စစ်ပွဲ" စသည့် စကားလုံးများ သုံးစွဲမိပါက ဒဏ်ကြေး သို့မဟုတ် ထုတ်ဝေခွင့် ပိတ်ပင်ခံရနိုင်ကြောင်းလည်းသိရသည်။

Share: