ပြန်လည်စတင်နေသည့် မလေးရှားစူပါလိဂ်နှင့် လာအိုလိဂ်များတွင် ဟိန်းထက်အောင်နှင့် အီစိုးတို့ ပွဲထွက်ကစားခွင့်ရ

၂၀၂၃ အာရှဖလားပြိုင်ပွဲ တတိယအဆင့်ခြေစစ်ပွဲများကြောင့် ကာလအတန်ကြာ ရပ်နားထားသည့် ၂၀၂၂ ရာသီ မလေးရှားစူပါလိဂ်နှင့် လာအိုလိဂ်-၁ ပြိုင်ပွဲများမှာ ပြန်လည်စတင်နေပြီဖြစ်ပြီး မြန်မာကစားသမားများဖြစ်သည့် ဟိန်ထက်အောင်နှင့် အီစိုးတို့မှာ သက်ဆိုင်ရာကလပ်အသင်းအသီးသီးတွင် ပွဲထွက်ကစားခွင့်ရနေကြောင်း သိရသည်။ ၂၀၂၂ ရာသီ မလေးရှားစူပါလိဂ်ပြိုင်ပွဲကို ပြီးခဲ့သည့် ဇွန်(၁၈) ရက်က ပြန်လည်စတင်ခဲ့ပြီး ဇွန်(၁၉) ရက်တွင် ဟိန်းထက်အောင်၏ ဆီလန်ဂေါအသင်းမှာ ပွဲစဉ်(၁၀) အဖြစ် ဆာရာဝပ်ယူနိုက်တက်နှင့် ယှဉ်ပြိုင်ကစားခဲ့သည်။ ယင်းပွဲတွင် မြန်မာလူငယ်တိုက်စစ်ကစားသမားဖြစ်သူ ဟိန်းထက်အောင်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ဂိုးရရှိရန် ဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ယင်းပွဲတွင် ဟိန်းထက်အောင်၏ ဆီလန်ဂေါအသင်းမှာ ဆာရာဝပ်အသင်းကို (၇-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ဟိန်းထက်အောင်သည် ယခုရာသီတွင် ဆီလန်ဂေါအသင်းကြီးအတွက် ဂိုးတစ်ဂိုးမျှ သွင်းယူပေးနိုင်ခြင်းမရှိသေးသော်လည်း ခြေစွမ်းပြကစားနိုင်နေသောကြောင့် အသင်း၌ ပုံမှန်ပွဲထွက်ကစားခွင့်ရရှိနေသည်။ ၂၀၂၂ ရာသီ လာအိုလိဂ်-၁ ပြိုင်ပွဲကို ပြီးခဲ့သည့် ဇွန်(၁၈) ရက်က ပြန်လည်စတင်ကျင်းပခဲ့ပြီး အီစိုး ကစားနေသည့် Young Elephants အသင်းမှာ Master 7 အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည်။

Share: