တန်ဟက်ဂ်လက်ထက်တွင် မက်ဂွိုင်းရား အသင်းခေါင်းဆောင်ရာထူးကို ဆုံးရှုံးရဖွယ်ရှိပြီး ပုံမှန်ပွဲထွက်ခွင့်အတွက်ပါ တိုက်ပွဲဝင်ရဖွယ်ရှိနေ

မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းရားသည် နည်းပြသစ် တန်ဟက်ဂ်လက်ထက်တွင် အသင်း၌ ဆက်ရှိနေဖွယ်ရှိသော်လည်း အသင်းခေါင်းဆောင်ရာထူးကို ဆုံးရှုံးရဖွယ်ရှိသလို၊ ခံစစ်ကစားသမားများရောက်ရှိ်လာပါက ပုံမှန်ပွဲထွက်ခွင့်ရရန်ပါ တိုက်ပွဲဝင်ရဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ အသက် (၂၉) နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မက်ဂွိုင်းရားသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် လက်စတာအသင်းမှ မန်ယူအသင်းထံသို့ နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀)ဖြင့် ရောက်ရှိလာသူဖြစ်သည်။ သို့သော် မက်ဂွိုင်းရားသည် ပြီးခဲ့သည့်ရာသီက ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိသဖြင့် အသင်းပရိသတ်များ၏ လှောင်ပြောင်မှုကို ခံခဲ့ရသလို၊ ၎င်း၏ အသင်းခေါင်းဆောင်အရည်အချင်းနှင့်ပတ်သက်ပြီး အသင်းဖော်များ၏ မေးခွန်းထုတ်ခြင်းကို ခံခဲ့ရကြောင်း သိ ရသည်။ ထို့ကြောင့် မက်ဂွိုင်းရား၏ အနာဂတ်မှာ လှုပ်ခတ်နေခဲ့သော်လည်း နည်းပြသစ် တန်ဟက်ဂ်က ၎င်းကို ဗာရန်း၊ လင်ဒီလော့ဖ်တို့နှင့်အတူ အသင်းတွင် ဆက်ထိန်းရန် စီစဉ်နေကြောင်း Daily Mail က ဖော်ပြခဲ့သည်။ သို့သော် မက်ဂွိုင်းရားအနေဖြင့် တန်ဟက်ဂ်လက်ထက်တွင် အသင်းခေါင်းဆောင်ရာထူးကိုမူ ဆုံးရှုံးရဖွယ်ရှိနေပြီး မန်ယူအသင်းအနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ခံစစ်ကစားသမားများ ခေါ်ယူနိုင်ခဲ့ပါက ပွဲထွက်ခွင့်အတွက်ပါ တိုက်ပွဲဝင်ရဖွယ်ရှိကြောင်းလည်း Daily Mail က ဖော်ပြခဲ့သည်။ မန်ယူအသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်း၏ခံစစ်ပိုင်းကို အင်အားဖြည့်တင်းရန် ကြိုးပမ်းနေပြီး အေဂျက်စ်နောက်ခံလူများဖြစ်သည့် တင်ဘာစ်နှင့် လီဆန်ဒရိုမာတီနက်ဇ်၊ ဗီလာရီးယဲလ်နောက်ခံလူ ပါအူတောရက်စ်ကို ချိတ်ဆက်နေကြောင်း သိရှိရသည်။


Share: