ဒီယွန်းအတွက် မန်ယူနှင့် ဘာစီလိုနာတို့ သဘောတူညီမှုရရှိရန် နီးစပ်နေ

မန်ယူအသင်းသည် ဘာစီလိုနာအသင်းမှ နယ်သာလန်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းကို ခေါ်ယူရန် ကြိုးပမ်းနေရာ လက်ရှိအချိန်တွင် သဘောတူညီမှုရရှိလုနီးပါးဖြစ်နေပြီဖြစ်ကြောင်း သိရသည်။ ဒီယွန်းသည် မန်ယူနည်းပြသစ် တန်ဟက်ဂ်၏ နံပါတ် (၁)ပစ်မှတ်ကစားသမားဖြစ်သလို၊ အေဂျက်စ်အသင်းတွင် လက်တွဲခဲ့ဖူးသူလည်းဖြစ်သည်။ ထို့ပြင် ဒီယွန်းသည် ဘာစီလိုနာအသင်းတွင် လစာလျှော့ယူနေရခြင်းနှင့် ဘဏ္ဍာရေးအခြေအနေများကြောင့် အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိလာသူဖြစ်သည်။ ထို့ကြောင့် မန်ယူအသင်းက ကြိုးပမ်းခဲ့သော်လည်း ပေါင်(၅၆) သန်းဖြင့် ပထမအကြိမ်ကမ်းလှမ်းမှုကို ဘာစီလိုနာအသင်းက ပယ်ချခဲ့ကြောင်း သိရသည်။ သို့သော် နောက်ထပ်ကြေးတိုးမြှင့်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရာ ပေါင်(၆၉) သန်းဝန်းကျင်ဖြင့် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း မီဒီယာများစွာက ဖော်ပြနေကြသည်။ စပိန်မီဒီယာအချို့ကမူ ပြောင်းရွှေ့ကြေးနှင့်ပတ်သက်၍ အသင်းနှစ်သင်း သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ကစားသမားနှင့် စာချုပ်သက်တမ်း၊ လစာနှုန်းထားများ ဆက်လက်ညှိနှိုင်းရန်သာ ကျန်ရှိတော့ကြောင်း ဖော်ပြခဲ့သည်။ မန်ယူအသင်းသည် ဒီယွန်းကို ဇူလိုင်(၁) ရက်နေ့မှစ၍ ကစားသမားသစ်အဖြစ် စာရင်းသွင်းနိုင်ရန် မျှော်လင့်ထားသောကြောင့် ယခုရက်သတ္တပတ်အတွင်း အပြောင်းအရွှေ့အပြီးသတ်နိုင်ရန် ဆက်လက်ကြိုးပမ်းနေကြောင်း သိရသည်။

Share: