စီရော်နယ်လ်ဒို၏ အနာဂတ်လှုပ်ခတ်နေခြင်းအပေါ် မန်ယူကစားသမားအများစု စိတ်ပျက်နေပြီး ၎င်းအား အသင်းမှထွက်သွားစေရန် ဆန္ဒရှိနေ

မန်ယူကစားသမားအများစုသည် အသင်းတွင် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒို၏ အနာဂတ်မတည်မငြိမ်ဖြစ်နေခြင်းကို စိတ်ပျက်နေကြပြီး ၎င်းအား အသင်းမှထွက် ခွာသွားရန် အလိုရှိနေကြကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။ အသက် (၃၇) နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် ၂၀၂၁ နွေရာသီတွင် မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့လာသူဖြစ်ပြီး ၎င်းင်း၏လက်ရှိစာချုပ်မှာ ၂၀၂၃ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ သို့သော် ၎င်းသည် ချန်ပီယံလိဂ်တွင် ကစားလိုခြင်းကြောင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှထွက်ခွာရန် အလိုရှိနေကြောင်း သိရှိရသည်။ သို့သော် မန်ယူအသင်းကမူ ၎င်းတို့၏အဓိကတိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ယခုနွေရာသီတွင် ရောင်းချရန်ငြင်းဆန်ပယ်ချထားသည်။ ထို့ကြောင့် စီရော်နယ်လ်ဒိုနှင့် မန်ယူ အသင်းအကြား အဖုအထစ်များရှိနေပြီး ယင်းပြဿနာများက အသင်းကစားသမားများ၏စိတ်ဓာတ်ပိုင်းကို ထိခိုက်စေကြောင်း မန်ယူအသင်း၏ အတွင်းလူတစ်ဦးက The Sun သို့ ပြောကြားခဲ့သည်။ မန်ယူအသင်း၏ အတွင်းလူတစ်ဦးက "စီရော်နယ်လ်ဒိုရဲ့ မတည်မငြိမ်ဖြစ်နေတဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အသင်းကစားသမားအများစု စိတ်အနှောင့်အယှက် ဖြစ်နေကြပါတယ်။ မန်ယူအသင်းမှာ စီရော်နယ်လ်ဒိုရဲ့ ဘက်တော်သားတွေ ရှိပါတယ်။ ဒါပေမဲ့ အသင်းကစားသမားအများစုက စီရော်နယ်လ်ဒိုရဲ့ ပြဿနာတွေကို စိတ်ကုန်နေကြပြီ" ဟု ပြောကြားခဲ့သည်။ မန်ယူအသင်းအနေဖြင့် စီရော်နယ်လ်ဒိုအား ချန်ပီယံလိဂ်ဝင်ခွင့်မရပါက အသင်းမှ ထွက်ခွာခွင့်ပေးမည်ဟု ၎င်းကို ခေါ်ယူစဉ်က နှုတ်ကတိပေးခဲ့သည်ဟု မန်ယူကစားသမားများ ယုံကြည်နေကြောင်း The Sun က ဖော်ပြခဲ့သည်။ သို့သော် မန်ယူအသင်းအနေဖြင့် ယင်းကတိကို ဖောက်ဖျက်ကာ စီရော်နယ်လ်ဒိုကို မရောင်းဟု တင်းခံနေခြင်းကြောင့် ၎င်းတို့ အကြား မပြေလည်မှုများရှိနေပြီး ယင်းအချက်က အသင်း၏ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေကြောင်း သိရှိရသည်။

Share: