မန်ယူအသင်းအနေဖြင့် စီရော်နယ်လ်ဒိုကို ယခုနွေတွင် ထွက်ခွာခွင့်မပေးသင့်ဟု ဖာဒီနန် တိုက်တွန်း

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်က အသင်းအနေဖြင့် နာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား ယခုနွေတွင် ထွက်ခွာခွင့်မပြုသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ မန်ယူအသင်းနှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့သည့် စီရော်နယ်လ်ဒိုသည် ယခုနွေတွင် အသင်းပြောင်းရွှေ့ရန် ကြိုးပမ်းနေသော်လည်း မန်ယူအသင်းကမူ ၎င်းကို ရောင်းချမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ ယခုအခါ ဖာဒီနန်က မန်ယူအသင်းအနေဖြင့် တစ်ရာသီလျှင် ဂိုးပေါင်း (၂၀) ကျော် သွင်းနိုင်သည့် စီရော်နယ်လ်ဒိုကို ထွက်ခွာပေးလျှင် မှားမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ ''မန်ယူအနေနဲ့ စီရော်နယ်လ်ဒိုကို အသင်းက ထွက်ခွာခွင့် မပေးသင့်ပါဘူး။ တကယ်လို့ သူ့ကို ထွက်ခွာခွင့်ပေးလိုက်မယ်ဆိုရင် တစ်ရာသီ (၂၄) ဂိုးလောက်သွင်းနိုင်တဲ့ ကစားသမား ဘယ်မှာရှာမလဲ။ ဒါဝင်နူနက်ဇ်က လီဗာပူးလ်ကို သွားပြီ။ ဟော်လန်းက မန်စီးတီးကို သွားပြီ''ဟု ဖာဒီနန်က ပြောကြားခဲ့သည်။ ထို့ပြင် ဖာဒီနန်က မန်ယူနည်းပြ တန်ဟက်ဂ်အနေဖြင့် စီရော်နယ်လ်ဒိုအား ပွဲထွက်မသုံးဘဲ အရန်အဖြစ်သာ အသုံးပြုခဲ့ခြင်းမှာလည်း မှားယွင်းကြောင်း ပြောကြားခဲ့သည်။ ၎င်းက စီရော်နယ်လ်ဒိုသည် မိနစ် (၉၀) အပြည့် မကစားနိုင်လျှင်တောင် တန်ဟက်ဂ်အနေဖြင့် ၎င်းကို ပထမပိုင်း (၄၅) မိနစ်သာ ပေးကစားသင့်ကြောင်းလည်း ပြောကြားခဲ့သည်။

Share: