AFF Cup ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို လူမှုမီဒီယာများမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ ပြုလုပ်မည်

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် ၂၀၂၂ AFF Cup ပြိုင်ပွဲ (AFF Mitsubishi Electric Cup 2022) အုပ်စုမဲခွဲပွဲကို လူမှုမီဒီယာများမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ယနေ့ (အင်္ဂါနေ့) မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ AFF သည် ၂၀၂၂ AFF Cup ပြိုင်ပွဲ (AFF Mitsubishi Electric Cup 2022) အုပ်စုမဲခွဲပွဲအခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည်ဖြစ်ပြီး AFF Mitsubishi Electric ၏ Website၊ YouTube၊ Facebook များမှ တိုက်ရိုက်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။ AFF သည် ယင်းပြိုင်ပွဲကို ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ပြန်လည်ကျင်းပမည်ဖြစ်ပြီး ငါးသင်း နှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။ ၂၀၁၈ ပြိုင်ပွဲကျင်းပသည့်ပုံစံအရ ပြိုင်ပွဲဝင်တစ်သင်းလျှင် အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကိုမူ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ AFF ၏ ထုတ်ပြန်ချက်အရ လက်ရှိချန်ပီယံ ထိုင်းအပါအဝင် မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအိုအသင်းတို့မှာ နောက်ဆုံးအဆင့်တွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ AFF သည် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် ၁၃ နှစ်ကြာ ပြိုင်ပွဲခုနစ်ကြိမ်ဆက် လက်တွဲလာသည့် ဆူဇူကီးကုမ္ပဏီနှင့် လမ်းခွဲခဲ့ပြီးနောက် မစ်ဆူဘီရှီကုမ္ပဏီနှင့် Title Sponsor အဖြစ် ပြောင်းလဲလက်တွဲထားခြင်းးဖြစ်သည်။ ၂၀၂၂ AFF Cup ပြိုင်ပွဲ (AFF Mitsubishi Electric Cup 2022) ကို ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ AFF သည် ၂၀၁၈ နှင့် ၂၀၂၀ ပြိုင်ပွဲတွင် ချန်ပီယံဆု ဒေါ်လာသုံးသိန်း၊ ဒုတိယဆု ဒေါ်လာတစ်သိန်း၊ ဆီမီးဖိုင်နယ်ရောက်ရှိသည့် နှစ်သင်းအား ဒေါ်လာ ၅၀၀၀၀ စီ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့ပြင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ဒေါ်လာ ၁၀၀၀၀ နှင့် နေရာအလိုက် အကောင်းဆုံးကစားသမားဆုများကို ဒေါ်လာ ၂၅၀၀ စီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ AFF ၏ ဆီဒင်သတ်မှတ်မှုအရ Pot-1 တွင် နောက်ဆုံးကျင်းပခဲ့သည့် ပြိုင်ပွဲနှစ်ကြိမ် ချန်ပီယံများဖြစ်သော ၂၀၂၀ ပြိုင်ပွဲချန်ပီယံ ထိုင်း၊ ၂၀၁၈ ပြိုင်ပွဲချန်ပီယံ ဗီယက်နမ်၊ Pot-2 တွင် မလေးရှားနှင့် အင်ဒိုနီးရှား၊ Pot-3 တွင် စင်ကာပူနှင့် ဖိလစ်ပိုင်၊ Pot-4 တွင် မြန်မာနှင့် ကမ္ဘောဒီးယား၊ Pot-5 တွင် လာအို နှင့် ခြေစစ်ပွဲအောင်အသင်းတို့ ပါဝင်နေသည်။ ခြေစစ်ပွဲကို နောက်ဆုံးကျင်းပသည့် ပြိုင်ပွဲနှစ်ကြိမ်တွင် အနိမ့်ဆုံးရပ်တည်ခဲ့သည့် တီမောနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Share: