ချယ်လ်ဆီးမှာ ပြိုင်ဘက်အသင်းများအတွက် အနိုင်ရယူရန် လွယ်ကူလွန်းပြီး ခံစစ်မှာ အားပျော့လွန်းကြောင်း အသင်းနည်းပြ တူဟယ်လ် ပြစ်တင်

ချယ်လ်ဆီးနည်းပြ တူဟယ်လ်က မိမိတို့အသင်းမှာ ပြိုင်ဘက်အသင်းများအတွက် အနိုင်ယူရန် လွယ်ကူလွန်းနေကြောင်းနှင့် အသင်း၏ခံစစ်မှာ အားပျော့လွန်းကြောင်း ဆောက်သမ်တန်အသင်းအား ရှုံးနိမ့်သည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ ချယ်လ်ဆီးအသင်းသည် အင်္ဂါနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၄)တွင် ဆောက်သမ်တန်အသင်းကို အဝေးကွင်း၌ (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် အဆိုပါပွဲစဉ်၌ ပွဲချိန် (၂၃)မိနစ်တွင် သွင်းယူခဲ့သည့် စတာလင်၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် (၂၈)မိနစ်တွင် လာဗီယာ၊ ပထမပိုင်းပြီးခါနီးတွင် အမ်းစထရောင်းတို့၏ သွင်းဂိုးများ ခွင့်ပြုခဲ့ရပြီး ပွဲအပြီးတွင် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ချယ်လ်ဆီးအသင်းအနေဖြင့် သြဂုတ် (၂၁)ရက်က ကစားခဲ့သည့် လိဒ်စ်နှင့် အဝေးကွင်းပွဲစဉ်တွင်လည်း (ဝ-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ ပရီးမီးယားလိဂ်အဝေးကွင်း (၂)ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဆောက်သမ်တန်အသင်းအား ရှုံးနိမ့်သည့်ပွဲအပြီးတွင် ချယ်လ်ဆီးနည်းပြ တူဟယ်လ်က "ဒီအဝေးကွင်းပွဲမှာ ကျွန်တော်တို့ အနိုင်ရဖို့ မလုံလောက်ခဲ့ဘူးဆိုတာ သိသာထင်ရှားပါတယ်။ လိဒ်စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တုန်းကအတိုင်းပါပဲ။ ပြိုင်ဘက်အသင်းတွေအနေနဲ့ ကျွန်တော်တို့အသင်းရဲ့ Balance ကို ပျက်သွားအောင်လုပ်ဖို့ လွယ်ကူသလို၊ ကျွန်တော်တို့ကို အနိုင်ယူဖို့၊ ရှုပ်ထွေးအောင်လုပ်ဖို့ လွယ်ကူလွန်းနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကို အဖြေရှာဖို့လိုပါတယ်" ဟု ပြောကြားခဲ့သည်။ ထို့ပြင် တူဟယ်လ်က အသင်း၏ခံစစ်မှာ အားပျော့လွန်းပြီး ယင်းပုံစံအတိုင်း ဆက်ကစားရမည်ဆိုပါက ပရီးမီးယားလိဂ်တွင် နိုင်ပွဲရရန် မဖြစ်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ "ခံစစ်က အားပျော့လွန်းပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းလိုက် ဒီထက်ပိုသန်မာဖို့လိုပါတယ်။ ဆောက်သမ်တန်ကို ပေးလိုက်ရတဲ့ဂိုးတွေက လွယ်ကူလွန်းပြီး ပရီးမီးယားလိဂ်အဝေးကွင်းမှာ နိုင်ချင်တယ်ဆိုရင် ဒါမျိုးထပ်ဖြစ်လို့ မရပါဘူး" ဟု တူဟယ်လ်က ပြောကြားခဲ့သည်။

Share: