အကန်ဂျီသည် မိမိတို့အသင်းလိုအပ်နေသည့် အရည်အသွေး အကုန်ရှိနေသော ကစားသမားဟု ဘီဂီရီစတိန်းပြောကြား

မန်စီးတီးအသင်း၏ အားကစားဒါရိုက်တာဖြစ်သူ ဘီဂီရီစတိန်းက ဒေါ့မွန်အသင်းထံမှ အသစ်ခေါ်ယူလိုက်သည့် ဆွစ်ဇာလန်လက်ရွေးစင်နောက်ခံလူ အကန်ဂျီသည် မိမိတို့လိုအပ်သည့် အရည်အသွေးများနှင့် ပြည့်စုံသော ကစားသမားတစ်ဦးဖြစ်ကြောငး် ပြောကြားခဲ့သည်။ မန်စီးတီးအသင်းသည် အကန်ဂျီအား စာချုပ်သက်တမ်းကုန်ခါနီးအချိန်ဖြစ်သဖြင့် စျေးသက်သက်သာသာဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဘီဂီရီစတိန်းက ''ဥရောပဘောလုံးရဲ့ထိပ်တန်းအဆင့်မှာ အတွေ့အကြုံ လုံလုံလောက်လောက်ရှိတဲ့ ကစားသမားတစ်ဦးကို ကျွန်တော်တို့ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ ကလပ်အသင်းအတွက် တန်ဖိုးရှိတဲ့ ဖြည့်တင်းမှုတစ်ခုဖြစ်လာမယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒေါ့မွန်အသင်းမှာ သူရှိနေချိန်အတွင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကို ကျွန်တော်တို့ ကျေနပ်ပါတယ်။ သူဟာ ဒေါ့မွန်အသင်းမှာ တိုးတက်လာခဲ့ပြီး အင်္ဂလန်မှာရော ချန်ပီယံလိဂ်မှာပါ ခြေစွမ်းပြနိုင်ဖို့ လုံလောက်တဲ့အရည်အသွေးလည်း ရှိပါတယ်။ ကျွန်တော်တို့ လိုအပ်တဲ့ ဗဟိုနောက်ခံလူတစ်ဦးရဲ့ အရည်အသွေးအကုန်ရှိနေတဲ့သူပါ''ဟု ဆိုခဲ့သည်။

Share: