တန်ဟက်ဂ်၏ ယုံကြည်မှုအတွက် ပြန်ပေးဆပ်လိုသည်ဟု အန်တိုနီ ဆို

အေဂျက်စ်အသင်းမှ မန်ယူအသင်းသို့ ယူရိုသန်း(၁၀၀)ဖြင့် ပြောင်းရွှေ့ခဲ့သည့် ဘရာဇီးလ်တိုုက်စစ်မှူး အန်တိုနီက နည်းပြ တန်ဟက်ဂ်၏ ယုံကြည်မှုအတွက် ပြန်ပေးဆပ်လိုသည်ဟု ပြောကြားခဲ့သည်။ မန်ယူအသင်းသည် အန်တိုနီအား ခေါ်ယူနိုင်ကြောင်းကို နွေရာသီအပြောင်းအရွှေ့စျေးကွက်ပိတ်သိမ်းသည့် စက်တင်ဘာ(၁)ရက်နေ့တွင်မှ အတည်ပြုကြေညာခဲ့ပြီး ၎င်းအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို(၉၅)သန်းနှင့် Add-ons ကြေး ယူရို(၅)သန်း ပေးချေရမည်ဖြစ်သည်။ ထို့ကြောင့် ပေါ့ဘာနှင့် လူကာကူတို့၏နောက် အသင်း၏ တတိယကြေးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ မန်ယူ အသင်းသည် ပေါ့ဘာကို ဂျူဗင်တပ်စ်အသင်းထံမှ ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေး ယူရို(၁၀၅)သန်းအပြင် Add-ons ကြေး ယူရို(၅)သန်းပေးချေခဲ့ရပြီး လူကာကူကို အဲဗာတန်အသင်းထံ မှ ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေး ယူရို(၈၇)သန်းအပြင် Add-ons ကြေး ယူရို(၁၇)သန်း ပေးချေခဲ့ရခြင်းဖြစ်သည်။ အန်တိုနီက "အဲရစ်တန်ဟက်ဂ်က အလွန်ထူးချွန်တဲ့ နည်းပြတစ်ယောက်ပါ။ ကျွန်တော် အေဂျက်စ်ကို စရောက်ကတည်းက ကျွန်တော့်ကို ကောင်းကောင်း ဆက်ဆံပြီး ယုံကြည်မှုအပြည့် ပေးခဲ့သူလည်းဖြစ်ပါတယ်။ အခုလည်း မန်ယူအသင်းမှာ လက်တွဲဖို့ ခေါ်ယူခဲ့ပါတယ်။ သူ့ရဲ့ ယုံကြည်မှုတွေအတွက် ပြန်ပေးဆပ်သွားချင်ပါတယ်"ဟု ပြောကြားခဲ့သည်။ မန်ယူအသင်းသည် အန်တိုနီကို လက်စတာအသင်းနှင့် ယှဉ်ပြိုင်မကစားမီ ခေါ်ယူခဲ့ခြင်းဖြစ်သော်လည်း ယင်းပွဲတွင် ပါဝင်မည်မဟုတ်ကြောင်း ပွဲမတိုင်မီကတည်းက ပရိသတ်များကို အသိပေးထားခဲ့ပြီး အာဆင်နယ်နှင့်ပွဲမှသာ စတင်ပွဲထွက် ကစားဖွယ်ရှိကြောင်း အသင်းဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။ မန်ယူအသင်းသည် ရာသီအဖွင့် (၅)ပွဲဆက်တိုက် အနိုင်ရရှိထားသည့် အာဆင်နယ်အသင်းနှင့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Share: