ဂိုးသွင်းစံချိန်တိုင်းကို ဟော်လန်း ချိုးဖျက်လိမ့်မည်ဟု ထင်ကြေးပေးခံနေရ

မန်စီးတီးအသင်းတွင် ခြေစွမ်းပြဂိုးများ သွင်းယူနေသည့် တိုက်စစ်မှူး ဟော်လန်းသည် အင်္ဂလန်မြေ၌ ဂိုးသွင်းစံချိန် တိုင်းကို ချိုးဖျက်လိမ့်မည်ဟု ထင်ကြေးပေးခံနေရကြောင်း သိရသည်။ ဟော်လန်းသည် မန်စီးတီးအသင်း၏ ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်သည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ဒုတိယမြောက်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနှင့်ပွဲတွင် ဟက်ထရစ် ထပ်မံသွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ဟော်လန်းသည် ပရီးမီးယားလိဂ် ပထမဆုံး (၅)ပွဲတွင် (၉)ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းဖြစ်ရာ ယင်းသွင်းဂိုးအရေအတွက်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် သွင်းဂိုးစံချိန်သစ်ဖြစ်ခဲ့ပြီး ယခင်က အဂွဲရိုး တင်ရှိထားသည့် (၈)ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဟော်လန်းသည် သြဂုတ်လအတွင်း သွင်းဂိုးအများဆုံးစံချိန်ကိုလည်း ဟာရီကိန်းကို ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့သည်။ ဟာရီကိန်းသည် သြဂုတ်လအတွင်းတွင် ပရီးမီးယားလိဂ် သွင်းဂိုး (၈)ဂိုးအထိ သွင်းယူကာ စံချိန်တင်ထားခြင်းဖြစ်ပြီး ဟော်လန်းက (၅)ပွဲကစားရုံဖြင့် (၉)ဂိုးအထိသွင်းယူကာ စံချိန်သစ်တင်ရှိခဲ့ခြင်းလည်းဖြစ်သည်။ သို့သော် နောက်ထပ် ဂိုးသွင်းစံချိန်များ စွာကို ချိုးဖျက်လိမ့်မည်ဟု ထင်ကြေးပေးခံနေရခြင်းဖြစ်သည်။ ဟော်လန်းသည် ပရီးမီးယားလိဂ်နှစ်ပွဲဆက်တိုက် ဟက်ထရစ်သွင်းယူနိုင်ခဲ့သူလည်း ဖြစ်သည်။

Share: