နွေရာသီကာလတွင် ပေါင် ၁၇၂ သန်း အသုံးပြုထားသော်လည်း ပြိုင်ဘက်များကိုလိုက်မီရန် အဝေးကြီးလိုသေးကြောင်း စပါးနည်းပြ ကွန်တီ သုံးသပ်
စပါးအသင်းအနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ပေါင် ၁၇၂ သန်းအသုံးပြု၍ ပြင်ဆင်အားဖြည့်မှုများပြုလုပ်ထားသော်လည်း ပြိုင်ဘက်များကိုလိုက်မီရန် အဝေးကြီးလိုသေးကြောင်း နည်းပြဖြစ်သူ ကွန်တီက သုံးသပ်ပြောကြားသည်။ စပါးအသင်းသည် နွေရာသီကာလတွင် အစောပိုင်းကတည်းက ကစားသမားခေါ်ယူမှုများပြုလုပ်ခဲ့ပြီး အင်တာမီလန်အသင်း ဝါရင့်တောင်ပံကစားသမား ပါရီဆစ်နှင့် ဆောက်သမ်တန်အသင်းဂိုးသမား ဖရေဆာဖော်စတာကို အလွတ်၊ ဘရိုက်တန်အသင်းကွင်းလယ်လူ ဘစ်ဆူးမားကို ပေါင် ၂၅ သန်း၊ အဲဗာတန်အသင်း တိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို ပေါင်သန်း ၅၀၊ မစ်ဒယ်ဘရော့အသင်းနောက်ခံလူ စပန့်စ်ကို ပေါင် ၁၂ ဒသမ ၅ သန်း၊ အူဒီးနီးစ်အသင်းနောက်ခံလူ အူဒိုဂီကို ပေါင် ၁၇ သန်း၊ အငှားခေါ်ယူထားသော အတ္တလန္တာအသင်းနောက် ခံလူ ရိုမဲရိုးကို ပေါင် ၄၂ ဒသမ ၇ သန်းဖြင့် အပြီးသတ်ခေါ်ယူခဲ့သလို ဘာစီလိုနာအသင်းနောက်ခံလူ လွန်းဂလတ်ကိုလည်း တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့သည်။ ထို့ပြင် စပါးအသင်းသည် လူငယ်ကစားသမား အချို့လည်း ခေါ်ယူခဲ့သောကြောင့် ယခုနွေရာသီတွင် အသုံးစရိတ် ပေါင် ၁၇၂ သန်း ရှိခဲ့ပြီး ချယ်လ်ဆီး (ပေါင် ၂၇၈ ဒသမ ၄ သန်း)၊ မန်ယူ (ပေါင် ၂၂၇ ဒသမ ၄ သန်း)၊ ဝက်စ်ဟမ်း (ပေါင် ၁၇၉ ဒသမ ၂ သန်း) တို့ပြီးလျှင် ငွေသုံးစွဲမှု စတုတ္ထအများဆုံးအဖြစ် ရပ်တည်ခဲ့သည်။ ထို့ကြောင့် ဖူလ်ဟမ်အသင်းနှင့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ရာသီကြိုခရီးစဉ်မတိုင်ခင် ကစားသမားခေါ်ယူမှု အများစုပြုလုပ်နိုင်ခဲ့ခြင်းမှာ အားသာချက်ရှိမရှိ မေးမြန်းစဉ် ကွန်တီက "အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ပေါင်သန်း ၈၀ ဒါမှမဟုတ် ပေါင်သန်း ၁၀၀ နဲ့ ခေါ် ယူနိုင်ခဲ့မယ်ဆိုရင် ခင်ဗျားဆီမှာ အားသာချက်ကြီးကြီးမားမားတစ်ခု ရှိသွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခင်ဗျားအနေနဲ့ ထိပ်တန်းကစားသမားတစ်ယောက် ခေါ်နိုင်ခဲ့လို့ပါ။ ခင်ဗျားအနေနဲ့ ပြောင်းရွှေ့ ကြေး ဒါမှမဟုတ် အငှားခေါ်ယူမှုလည်း လုပ်နိုင်ပါတယ်။ ဒါကလည်း ကွဲပြားခြားနားတဲ့ အခြေအနေတစ်ခုပါပဲ။ အဲဒီကိစ္စကို ကျွန်တော် ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မှန်ကန်တဲ့အချိန်မှာ လုပ်နိုင်ခဲ့တယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငွေကြေးသုံးစွဲပြီး ခေါ်ယူတာ၊ ပြောင်းရွှေ့ကြေးအလွတ် ဒါမှမဟုတ် အငှားခေါ်ယူတာနဲ့ပတ်သက်လို့ အမြင်တွေက အရမ်းရှင်းလင်းနေလို့ပါ။ ကျွန်တော်တို့အနေနဲ့ ရစ်ချာလီဆန်နဲ့ ယီဗက်စ် ဘစ်ဆူးမားတို့နှစ်ဦးအတွက် ငွေကြေးသုံးစွဲခဲ့ပြီး တခြားကစားသမားတွေကိုလည်း အငှားခေါ်ယူတာ၊ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူတာတွေ လုပ်ခဲ့တယ်။ တခြားထိပ်တန်းအသင်းတွေရဲ့ လူစာရင်းကိုလည်း ကျွန်တော်တွေ့ပါတယ်။ သူတို့နဲ့ ခြားနားမှုက အဝေးကြီးပါပဲ။ ဒီထက်ပိုပြီးယှဉ်ပြိုင်နိုင်ဖို့၊ ချန်ပီယံဆုအတွက် စိန်ခေါ်သူဖြစ်လာဖို့၊ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားတဲ့နေရာမှာ တိုးတက်မှုတွေရှိလာဖို့ အနည်းဆုံးအပြောင်းအရွှေ့ကာလ သုံးခုလောက်လိုအပ်ပါတယ်။ အဲဒါ မှ တခြားအသင်းတွေနဲ့ တူညီတဲ့ အဆင့်ဖြစ်လာမှာပါ။ ကျွန်တော်တို့က ဒီအချိန်မှာ အသင်းရဲ့ စွမ်းဆောင်ရည်အတွက် မှန်ကန်တဲ့နည်းလမ်းနဲ့ ငွေကြေးရင်းနှီးမြှုပ်နှံဖို့ လုပ်နေတယ်ဆိုတာ သေချာပါတယ်။ ကွဲပြားခြားနားတဲ့ ငွေကြေးမြှုပ်နှံမှုလုပ်နိုင်တဲ့ အသင်းတွေရှိပြီး တခြားအသင်းတွေက ပုံမှန်ငွေကြေးရင်းနှီးမြှုပ်နှံမှုပဲ လုပ်နိုင်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ နားလည်ထားရပါမယ်။ ကျွန်တော်တို့ မှန်ကန်တဲ့အရာတွေ လုပ်ထားပါတယ်။ ဒါပေမဲ့ အခုမှ အစပဲရှိပါသေးတယ်။ တစ်စုံတစ်ယောက်က ကျွန်တော်တို့ ပြီးပြည့်စုံတဲ့ အခြေအနေဖြစ်နေပြီ ထင်နေခဲ့ရင် ကျွန်တော်တို့က အဲဒါနဲ့ အဝေးကြီး လိုပါသေးတယ်" ဟု ပြန်လည် ဖြေကြားသည်။

Share: