ရီးယဲလ်အသင်းနည်းပြဖြစ်ရသည်မှာ ကံကောင်းကြောင်း အန်ဆယ်လော့တီ ဝန်ခံ
အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီက ရီးယဲလ်အသင်းနည်းပြဖြစ်ရသည်မှာ အလွန်ကံကောင်းကြောင်း ဘက်တစ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရသည့် လာလီဂါပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။ ထို့ပြင် အန်ဆယ်လော့တီက လက်ရှိရီးယဲလ်အသင်းမှ လူငယ်ကစားသမားများကိုလည်း ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။ ဘက်တစ်အသင်းနှင့်ပွဲစဉ်တွင် ရီးယဲလ်အသင်းအတွက် ဂိုးများကို လူငယ်ကစားသမားများဖြစ်သည့် ဗင်နီစီယပ်စ်နှင့် ရိုဒရီဂိုတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အန်ဆယ်လော့တီက "ရိုဒီရီဂိုက ကျွန်တော့်အတွက် ထူးခြားကောင်းမွန်တဲ့တိုက်စစ်မှူးပါပဲ။ သူက နေရာစုံကစားနိုင်ပြီး လျင်မြန်တယ်၊ ပါးနပ်တယ်။ ကျွန်တော့်အသင်းမှာ လူငယ်ကစားသမားများစွာဟာ အရည်အသွေးကောင်းမွန်သလို၊ မိုဒရစ်နဲ့ တိုနီကရို့စ်တို့လို ဝါရင့်တွေကလည်း အသင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် ရှိနေဆဲပါ။ ရီးယဲလ်လိုအသင်းမျိုးကို နည်းပြခွင့်ရတာ သိပ်ကံကောင်းပါတယ်" ဟု ပြောကြားခဲ့သည်။

Share: