၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို စပိန်နှင့် ပေါ်တူဂီတွင် ကျင်းပခွင့်ရရန်သေချာသည်ဟု ဆယ်ဖာရင် ပြောကြ
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဥက္ကဋ္ဌ ဆယ်ဖာရင်က ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို စပိန်နှင့် ပေါ်တူဂီနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရန် သေချာသည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့်အတွက် ၂၀၃၀ ခုနှစ်မှာ နှစ်(၁၀၀)ပြည့်မည့် ရာပြည့်ကာလဖြစ်သည်။ ထို့ကြောင့် ယင်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရန် နိုင်ငံအတော်များများက လိုလားနေကြပြီး လက်ရှိအချိန်တွင် အတည်ပြုလျှောက်ထားသည့် နိုင်ငံများလည်း ရှိနေပြီဖြစ်သည်။ စပိန်နှင့် ပေါ်တူဂီတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည်ဟု လျှောက်ထားခဲ့သလို ဂရိ၊ ဆော်ဒီအာရေဗျနှင့် အီဂျစ်တို့ကလည်း (၃)နိုင်ငံ ပူးတွဲကျင်းပရန် လျှောက်ထားခဲ့သည်။ တောင်အမေရိကမှ ဥရုဂွေး၊ အာဂျင်တီးနား၊ ပါရာဂွေးနှင့် ချီလီတို့က (၄)နိုင်ငံပူးတွဲကျင်းပရန် လျှောက်ထားခဲ့သလို၊ မော်ရိုကိုကလည်း လျှောက်ထားခဲ့သည်။ အိမ်ရှင်အဖြစ်လျှောက်ထားရန် စိတ်ဝင်စားနေသည့် နိုင်ငံများစွာလည်းရှိနေပြီး ၂၀၂၄ ခုနှစ်၌ အတည်ပြုရွေးချယ်မည်ဖြစ်သည်။ လစ္စဘွန်း၌ ပြုလုပ်ခဲ့သည့် ကွန်ဂရက်တွင် ဆယ်ဖာရင်က ''၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို စပိန်နဲ့ ပေါ်တူဂီမှာ ကျင်းပမှာ သေချာပါတယ်။ အိမ်ရှင်အခွင့်အရေးကို လျှောက်ထားတဲ့ အစုအဖွဲ့တစ်ခုကသာ ရရှိမှာဖြစ်ပြီး ဒီနိုင်ငံနှစ်ခုကို ကျွန်တော်တို့ အားလုံးကူညီပေးသွားမှာပါ''ဟု ပြောကြားခဲ့သည်။ စပိန်နိုင်ငံသည် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ဖူးသော်လည်း ပေါ်တူဂီက ကျင်းပဖူးခြင်းမရှိသေးကြောင်း သိရသည်။

Share: