ဒူးဒဏ်ရာခွဲစိတ်ကုသရမည့် ပေါ့ဘာ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိ
ဂျူဗင်တပ်စ်အသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာသည် ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်သည့်အတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိကြောင်း သိရသည်။ ပေါ့ဘာ(၂၉ နှစ်)သည် ပြီးခဲ့သည့်နွေရာ သီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်း နှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ သို့သော် အသင်းသို့ ရောက်ရှိပြီး မကြာမီမှာပင် ဒူးဒဏ်ရာရရှိခဲ့ သည့်အတွက် (၂)လခန့်အနားယူရမည်ဟု သတင်းထွက်ခဲ့သည်။ သို့သော် ယခုအခါ အဆိုပါဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သည့်အတွက် ရက်(၄၀)မှ (၆၀)ကြား အနားယူရမည် ဖြစ်ရာ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်နိုင်သည့်အ ခြေအနေ ရှိလာခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံတွင် နိုဝင်ဘာ(၂၀)မှ ဒီဇင်ဘာ(၁၈)အထိ ကျင်းပမည်ဖြစ်ရာ နောက်ထပ်ရက်ပေါင်း(၇၇)ရက် သာလိုတော့သည်။ ထို့ကြောင့် ပေါ့ဘာအနေဖြင့် ရက်(၆၀)အထိသာ အနားယူခဲ့ရပါက ကမ္ဘာ့ဖလားပြိုင်ပွဲအမီ လေ့ကျင့်မှုပြုလုပ်နိုင်ရန် ခက်ခဲမည်ဖြစ်သည်။ သို့သော် ဒဏ်ရာအခြေအနေ သက်သာခြင်းမရှိသည့်အတွက် ဂျူဗင်တပ်စ်အသင်းမှ တာဝန်ရှိသူများနှင့်တိုင်ပင်ကာ ခွဲစိတ်ကုသမှုခံယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပေါ့ဘာကမူ ဒဏ်ရာမှ အမြန်ဆုံးသက်သာပျောက်ကင်းပြီး ကမ္ဘာ့ဖလား၌ ပါဝင်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

Share: