မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်း စက်တင်ဘာ ၂၁၊ ၂၄ ရက်တွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်
မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၂၁၊ ၂၄ ရက်တွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။ ယင်းခြေစမ်းပွဲနှစ်ပွဲကို ဟောင်ကောင်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၁၈ ရက်တွင် ထွက်ခွာမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲကစားရန် ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့်လကတည်းက ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး အကြိုသဘောတူညီမှုရထားသော်လည်း ဟောင်ကောင်ဘောလုံးအဖွဲ့ချုပ်က နောက်ဆုံးအတည်ပြုသည့်စာ ပေးပို့ရန် ကြန့်ကြာနေသဖြင့် ယခုရက်ပိုင်းမှ ခြေစမ်းပွဲအတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ပြည်တွင်းလိဂ်ပွဲစဉ်များကျင်းပနေသဖြင့် မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအတွက် ပြင်ဆင်ချိန်ရက်အနည်း ငယ်သာရရှိမည်ဖြစ်ပြီး စက်တင်ဘာဒုတိယပတ်မှသာ စတင်လေ့ကျင့်နိုင်ဖွယ်ရှိနေသည်။ ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သည့် ၂၀၂၂ ရာသီ MNLအမှတ်ပေးပြိုင်ပွဲကို ဇွန် ၂၅ ရက်မှစ၍ အပတ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာ့လက်ရွေးစင်အသင်း၏ ခြေစမ်းပွဲကြောင့် ယင်းကာလအတွင်းကစားမည့် ပွဲစဉ်အချို့ကို ရက်ပြောင်းလဲကျင်းပရမည်ဖြစ်သည်။ မြန်မာ့လက်ရွေး စင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ယင်းခြေစမ်းပွဲအတွက် ပဏာမကစားသမား ၂၅ ဦးဝန်းကျင်သာ ရွေးချယ်ဖွယ်ရှိပြီး ပြည်ပ ကလပ်များတွင်ကစားနေသူများကိုလည်း ထည့်သွင်းရွေးချယ်ဖွယ်ရှိနေသည်။ သို့သော် ပခုံးညှပ်ရိုးကျိုးဒဏ်ရာရထားသည့် အသင်းခေါင်းဆောင် မောင်မောင်လွင်မှာမူ ဟောင်ကောင်အသင်းနှင့် ခြေစမ်းပွဲကို လွဲချော်မည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစငအသင်းသည် ယခုနှစ်အတွင်း ဒုတိယအကြိမ်ခြေစမ်းကစားခြင်းဖြစ်ပြီး ပြီးခဲ့သည့်မေလက ထိုင်းနိုင်ငံ၌ ပထမအကြိမ် ခြေစမ်းပွဲကစားခဲ့ပြီး လေးလအကြာတွင် ဒုတိယအကြိမ် ခြေစမ်းကစားခြင်းဖြစ် သည်။ မေလက ကစားခဲ့သည့် ခြေစမ်းပွဲကိုTraining Match အဖြစ် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ယခုခြေစမ်းပွဲကိုမူ FIFA အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းနှင့် ဟောင်ကောင်လက်ရွေးစင် အသင်းသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ဟောင်ကောင်၌ ခြေစမ်းပွဲကစားပြီးနောက် ခုနစ်နှစ်ကြာမှ ဟောင်ကောင် ခြေစမ်းပွဲ ပြန်လည်ကစားခြင်းဖြစ်သည်။ မြန်မာ့လက် ရွေးစင်အသင်းသည် ယခုနှစ်အတွင်း သတ်မှတ်ထားသည့် နိုင်ငံတကာရက်သတ္တပတ်များအနက် မတ်လတွင် နိုင်ငံတကာခြေစမ်းပွဲ မကစားဖြစ်ဘဲ မေလတွင် ဟောင်ကောင်၊ ဘာရိန်းအသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့သည်။Training Match အဖြစ် ကစားသည့် ဟောင်ကောင်အသင်းနှင့်ခြေစမ်းပွဲတွင် ဂိုးမရှိသရေကျပြီးFIFA အသိအမှတ်ပြုခြေစမ်းပွဲအဖြစ် ကစားသည့် ဘာရိန်းအသင်းနှင့် ခြေစမ်းပွဲတွင်မူ (၀-၂) ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခု နှစ်အတွင်း နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲ အဖြစ် နှစ်ကုန်ပိုင်းတွင်ပြုလုပ်မည်AFF Cup 2022 ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲပြီးပါက လေ့ကျင့်မှုရပ်နားကာ ပြည်တွင်း လိဂ်ပြိုင်ပွဲပြီးဆုံးမှ စတင်ပြင်ဆင်မည်ဖြစ်သည်။

Share: