မန်စီးတီး၊ မန်ယူနှင့် ချယ်လ်ဆီး အသင်းသုံးသင်းမှ ကစားသမားများ၏စုစုပေါင်းတန်ဖိုးသည် ပေါင် ၂ ဒသမ ၅ ဘီလျံအထိရှိနေဟု နိုင်ငံတကာ အားကစားသုတေသနအဖွဲ့ CIES ဖော်ပြ
ပရီးမီးယားထိပ်သီးအသင်းသုံးသင်းဖြစ်သည့် မန်စီးတီး၊ မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့မှ ကစားသမားများ၏စုစုပေါင်းတန်ဖိုးသည် ပေါင် ၂ ဒသမ ၅ ဘီလျံအထိ ရှိနေကြောင်း ဆွစ်ဇာလန်အခြေစိုက် နိုင်ငံတကာ အားကစားသုတေသနအဖွဲ့ဖြစ်သည့် CIES က ထုတ်ပြန်ခဲ့သည်။ CIES သည် လက်ရှိအသင်းမှ ကစား သမားများကို ခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရသည့် ပြောင်းရွှေ့ကြေးပမာဏများကို အခြေခံကာ ဥရောပထိပ်တန်းလိဂ် ငါးခုရှိ ကလပ်များ၏ အသင်းလူစာရင်းအလိုက် တန်ဖိုးကို တွက်ချက်ခဲ့ခြင်းဖြစ်သည်။ ယင်းစာရင်းတွင် မန်စီးတီးအသင်းက ပေါင် ၉၁၇ သန်း၊ မန်ယူအသင်းက ပေါင် ၈၆၃ သန်း၊ ချယ်လ်ဆီးအသင်း က ပေါင် ၇၅၉ သန်း၊ PSG အသင်းက ပေါင် ၇၃၀ သန်း၊ လီဗာပူးလ်အသင်းက ပေါင် ၆၆၉ သန်း၊ ရီးယဲလ်မက်ဒရစ်အသင်းက ပေါင် ၆၂၁ သန်း၊ ဘာစီလိုနာအသင်းက ပေါင် ၅၃၉ သန်း၊ အာဆင်နယ်အသင်းက ပေါင် ၄၆၀ သန်း၊ စပါးအသင်းက ပေါင် ၄၄၇ သန်း၊ အက်သလက်တီကိုအသင်းက ပေါင် ၄၃၂ သန်းစသဖြင့် ထိပ်ဆုံး ၁၀ စာရင်းထဲ ပါဝင်ခဲ့ကြသည်။ မန်စီးတီးအသင်းသည် ပြီးခဲ့သည့် နွေရာသီစျေးကွက်တွင် ဟော်လန်း၊ ကယ်လ်ဗင်ဖီးလစ်၊ ဆာဂျီယိုဂိုးမက်ဇ်နှင့် အကန်ဂျီ တို့ကို ပေါင် သန်း ၁၀၀ ကျော်ကာ ထပ်မံရင်း နှီးမြုပ်နှံခဲ့သည်။ မန်စီးတီး၏လက်ရှိလူစာရင်းတွင် ၂၀၂၁ နွေရာသီက ဗီလာအသင်းမှ ခေါ်ယူခဲ့သည့် ဂရီးလစ်ရှ်က ပေါင် သန်း ၁၀၀ ဖြင့် အများဆုံးဖြစ်နေပြီး အဓိကကစားသမားများဖြစ်သည့် ဒီဘရိုင်းနားနှင့် ဒီယက်စ်တို့အတွက် ပေါင် ၆၈ သန်းနှင့် ၆၁ သန်း ကုန်ကျခဲ့သည်။ မန်ယူအသင်းမှာမူ ကက်စီမီရို၊ အန်တိုနီ၊ လီဆန်ဒရိုမာတီနက်ဇ်စသည့် ကစား သမားများအပါအဝင် နွေရာသီအပြောင်းအ ရွှေ့ကာလတွင် ပေါင် သန်း ၂၀၀ ကျော် သုံးစွဲ ခဲ့သည်။ အသင်း၏တန်ဖိုးအမြင့်ဆုံးဖြစ်သူ ပေါ့ဘာ နွေရာသီကာလက ထွက်ခွာသွားပြီး နောက် ယခုအခါ အန်တိုနီက ယင်းနေရာကို အစားထိုးရယူခဲ့သည်။ ဘွန်ဒစ်လီဂါတွင် ကစားသမားပြောင်းရွှေ့ကြေး တန်ဖိုးအမြင့်ဆုံး ဘိုင်ယန်မြူးနစ်နှင့် စီးရီးအေအမြင့်ဆုံး ဂျူဗင်တပ်စ်အသင်းတို့မှာ ထိပ်ဆုံး ၁၀ သင်းစာရင်း မဝင်ခဲ့ကြောင်း သိရသည်။

Share: