ဟောင်ကောင်နှင့်ခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း စက်တင်ဘာ ၁၅ ရက် စတင်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲကစားမည့် လူစာရင်းကို ယခုရက်ပိုင်းအတွင်း နည်းပြချုပ် အန်တွမ်နီဟေး ထုတ်ပြန်မည်
မြန်မာ့လက်ရွေးစင်အသင်းသည် ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် စက်တင်ဘာ ၁၅ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်းလိဂ်ပွဲစဉ်များရှိနေသဖြင့် မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအတွက် ပြင်ဆင်ချိန်ရက်အနည်းငယ်သာ ရရှိမည်ဖြစ်ပြီး လေ့ကျင့်ချိန် ခြောက်ရက်သာ ရရှိမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးသည် ယင်းခြေစမ်းပွဲအတွက် လူစာရင်းကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်မည်ဖြစ်ပြီး ကလပ်အသင်းအသီးသီးတွင် ခြေစွမ်းပြနေသည့် ကစားသမားများ ပါဝင်လာဖွယ် ရှိနေသည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ၂၀၂၁ နှစ်လယ်ပိုင်းနောက်ပိုင်း ယှဉ်ပြိုင်ခဲ့ရသည့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ပြည်တွင်းလိဂ်ပြိုင်ပွဲမကျင်းပနိုင်ဘဲ ကစားသမားရွေးချယ်ရသဖြင့် အခက်အခဲရှိကြောင်း ပြောကြားထားသူဖြစ်ပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သည့် ၂၀၂၂ ရာသီ MNL ပြိုင်ပွဲကို ဇွန် ၂၅ ရက်မှစတင်ကာ ပြန်လည်ကျင်းပလျက်ရှိသဖြင့် ကလပ်အသင်းအသီးသီးတွင် ခြေစွမ်းပြနိုင်သူများ ပါဝင်လာဖွယ် ရှိနေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့် နည်းပြအဖွဲ့ဝင်များသည် ပြည်တွင်းလိဂ်ပွဲစဉ်အားလုံးကို လိုက်လံကြည့်ရှုလျက်ရှိပြီး ယခုရွေးချယ်မည့်လူစာရင်းကို အခြေခံ၍ နှစ်ကုန်ပိုင်းယှဉ်ပြိုင်ရမည့် AFF Cup 2022 ပြိုင်ပွဲအတွက် ထပ်မံရွေးချယ်ဖွယ်ရှိကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ချုပ်အန်တွမ်နီဟေးသည် ဟောင်ကောင်နှင့် ခြေစမ်းပွဲအတွက် ကစားသမား ၂၅ ဦးဝန်းကျင်သာ ရွေးချယ်ဖွယ်ရှိပြီး ပြည်ပကလပ်များတွင် ကစားနေသူအချို့လည်း ပါဝင်လာမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် စက်တင်ဘာ ၁၈ ရက်တွင် ဟောင်ကောင်သို့ ထွက်ခွာမည်ဖြစ်ပြီး ခြေစမ်းပွဲမတိုင်မီ ရန်ကုန်မြို့၌ သုံးရက်နှင့် ဟောင်ကောင်၌ နှစ်ရက်လေ့ကျင့်ပြင်ဆင် ချိန်ရရှိမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်တွင် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမည်ဖြစ်ကာ စက်တင်ဘာ ၂၄ ရက်တွင်ကစားမည့် ဒုတိယခြေစမ်းပွဲကိုမူ ပရိသတ်များ ဝင်ရောက်ကြည့်ရှုခွင့်ပြုမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန်လတွင် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲယှဉ်ပြိုင်ပြီးနောက်ပိုင်း ယခုလမှသာ နိုင်ငံတကာခြေစမ်းပွဲယှဉ် ပြိုင်ကစားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း ဒုတိယအကြိမ်ခြေစမ်းကစားခြင်းဖြစ်ပြီး ပြီးခဲ့သည့်မေလက ထိုင်းနိုင်ငံ၌ ပထမအကြိမ် ခြေစမ်းပွဲကစားခဲ့ပြီး လေးလအကြာတွင် ဒုတိယအကြိမ် ခြေစမ်းကစားခြင်းဖြစ်သည်။ မေလက ကစားခဲ့သည့် ခြေစမ်းပွဲကို Training Match အဖြစ် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ယခုခြေစမ်းပွဲကိုမူ FIFA အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် ဟောင်ကောင်၌ ခြေစမ်းပွဲကစားပြီးနောက် ခုနစ်နှစ်ကြာမှ ဟောင်ကောင်၌ ခြေစမ်းပွဲ ပြန်လည်ကစားခြင်းဖြစ်သည်။

Share: