ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ရပ်ရှ်ဖို့ဒ်အား အသင်းတွင် ဆက်ထိန်းလိုကြောင်း မန်ယူနည်းပြ တန်ဟက်ဂ် ပြောကြား
မန်ယူနည်းပြ တန်ဟက်ဂ်က ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို အသင်းတွင် ဆက်ထိန်းလိုကြောင်း ပြောကြားခဲ့သည်။ အသက် (၂၄) နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းတွင် တစ်ပတ်လစာပေါင် (၂၀၀၀၀၀) ရရှိနေပြီး ၎င်း၏လက်ရှိစာချုပ်မှာ ၂၀၂၃ ဇွန် (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ သို့သော် မန်ယူအသင်းအနေဖြင့် ရပ်ရှ်ဖို့ဒ်ကို တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် ရပ်ရှ်ဖို့ဒ်အား ခေါ်ယူရန် PSG နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သတင်းများထွက်ပေါ်နေသည်။ ရပ်ရှ်ဖို့ဒ်သည် ယခုရာသီတွင် ခြေစွမ်းပြနေပြီး မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် (၆)ပွဲတွင် (၃)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ထားသည်။ တန်ဟက်ဂ်က ရပ်ရှ်ဖို့ဒ်အနေဖြင့် မန်ယူအသင်းတွင် ယခင်ကထက် ပျော်ရွှင်နေသည်ဟု ယုံကြည်ကြောင်း ပြောကြားထားသည်။ ရပ်ရှ်ဖို့ဒ်အား အသင်း၌ ဆက်ရှိနေစေလိုသလားဟု မေးမြန်းမှုကို တန်ဟက်ဂ်က "သေချာတာပေါ့ဗျာ။ သူ့စာချုပ်နဲ့ပတ်သက်ပြီး မန်ယူအသင်းက ထိန်းချုပ်ထားပါတယ်။ ပြီးတော့ ရပ်ရှ်ဖို့ဒ်အနေနဲ့ အသင်းမှာ ပျော်ရွှင်နေတာကိုလည်း ကျွန်တော် တွေ့ရတယ်။ သူဟာ ပြီးခဲ့တဲ့ (၂)လခွဲအတွင်း ကျွန်တော်တို့နဲ့ အကောင်းဆုံးကြိုးစားခဲ့ပြီး အရင်ကထက် ခြေစွမ်းပိုင်းတိုးတက်လာတာကိုလည်း တွေ့ရပါတယ်" ဟု ပြောကြားခဲ့သည်။

Share: