ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
FC ဇူးရစ် နှင့် အာဆင်နယ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ) အာဆင်နယ်အသင်းနည်းပြ အာတီတာအနေနဲ့ ပရီးမီးယားလိဂ်နဲ့ အခု ယူရိုပါလိဂ်နှစ်ခုစလုံးကို အပြည့်အဝအာရုံစိုက်မယ်မထင်ဘူး။ ယူရိုပါလိဂ်မှာ ရလဒ်မကောင်းရင်လည်း အာတီတာအတွက် သိပ်ဖိအားမရှိတဲ့အခြေအနေကို ထည့်တွက်ထားရမယ်။ အခုပွဲမှာတော့ ပုံမှန်နေရာပျောက်နေတဲ့ စမစ်ရိုး၊ တော်မီယာဆု၊ အန်ကယ်တီယာတို့ကို ကစားသမားသစ်တွေဖြစ်တဲ့ ဗီယေရာ၊ မာကင်ညို့စ်တို့နဲ့ ပွဲထုတ်လာနိုင်ပါတယ်။  ဇူးရစ်ကတော့ ဆွစ်ဇာလန်လိဂ်မှာတောင် ရုန်းကန်နေရတဲ့အသင်းဖြစ်ပြီး နွန်တိုလည်း လိဒ်စ်ကို ပြောင်းသွားပြီ။ အာဆင်နယ်ကိုပဲ ရွေးချယ်ချင်တယ်။ လူဒိုဂိုရတ်စ် နှင့် ရိုးမား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ) ပြီးခဲ့တဲ့ရာသီမှာ ရိုးမားအသင်းကို ကွန်းဖရန့်လိဂ်ချန်ပီယံဆုနဲ့ ပထမဆုံးဥရောပဖလားယူပေးခဲ့တဲ့ မော်ရင်ဟိုအနေနဲ့ ယူရိုပါလိဂ်ချန်ပီယံအိပ်မက်မက်နေမှာ အသေအချာပါပဲ။ ယူရိုပါလိဂ်ဝင်လာချိန်မှာ ရိုးမားအသင်း စီးရီးအေပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရလို့ အသင်းရဲ့အနေအထားကို စောင့်ကြည့်ရဦးမှာပါ။ နည်းပြ မော်ရင်ဟိုက အပြောင်းအလဲ အနည်းငယ် လုပ်လာဖို့ရှိပြီး တိုက်စစ်မှူးသစ် ဘယ်လော့တီကို ပွဲထွက်စာရင်းမှာ အသုံးပြုလာနိုင်တယ်။ လူဒိုဂိုရတ်စ်အသင်း အိမ်ကွင်းမာပေမဲ့ ရိုးမားနဲ့ယှဉ်ရင် အဆင့်ချင်းကွာပါတယ်။ ရိုးမား ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။ HJK နှင့် ဘက်တစ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ) ဘက်တစ်အသင်း ရီးယဲလ်နဲ့ပွဲမှာ ရှုံးပွဲစတွေ့ခဲ့တယ်။ ဖင်လန်မြေမှာတော့ ဘက်တစ်အသင်း ဂိုးပြတ်အနိုင်ရဖို့ မလွယ်လောက်ဘူး။ အူန်ယွန်းဘာလင် နှင့် ဆန်ဂျီလွိုက် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၁၅ နာရီ) အူန်ယွန်းဘာလင်အသင်းက အိမ်ကွင်းနောက်ဆုံး(၂)ပွဲမှာ လိုက်ပ်ဇစ်ကိုနိုင်၊ ဘိုင်ယန်ကို သရေကစားခဲ့တယ်။ အူန်ယွန်းဘာလင် အနိုင်သေချာပါတယ်။ လာဇီယို နှင့် ဖီယင်နု (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ) ယူရိုပါလိဂ်ပွဲတွေမှာ လာဇီယိုအသင်းရဲ့အားထုတ်မှုက အတော်လေးမှန်းရခက်တဲ့အနေအထားပါ။ လာဇီယိုအသင်း နောက်ဆုံးကစားထားတဲ့ အိမ်ကွင်းမှာ နာပိုလီကို အရေးနိမ့်ထားလို့ (၂)ပွဲဆက် နိုင်ပွဲပျောက်တာမျိုးမဖြစ်အောင်တော့ ကြိုးစားကစားလိမ့်မယ်ထင်တယ်။ ဥရောပအိမ်ကွင်းပွဲတွေမှာလည်း လာဇီယိုအသင်း အမှားအယွင်းလုပ်မိတာ အတော်နည်းပါတယ်။ ဖီယင်နုကတော့ ပြီးခဲ့တဲ့ရာသီ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲရောက်ခဲ့တဲ့အသင်းဖြစ်ပြီး အခုရာသီမှာလည်း ဒတ်ချ်လိဂ်မှာ အတော်လေးခြေစွမ်းပြနေတယ်။ ရောမမြေမှာတော့ လာဇီယိုအသင်း အနိုင်ကစားလိမ့်မယ်။ မန်ယူ နှင့် ဆိုစီဒက် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ) မန်ယူအသင်းနည်းပြ တန်ဟက်ဂ်က ပရီးမီးယားလိဂ်ပွဲတွေမှာ Line-up ကို အပြောင်းအလဲသိပ်မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ဒီလူစာရင်းနဲ့ပဲ တစ်သမတ်တည်းသွားဖို့မလွယ်လို့ ဆိုစီဒက်နဲ့ပွဲမှာတော့ မန်ယူအသင်းပွဲထွက်စာရင်းက ပြောင်းလဲမှုတွေ ရှိလာမှာ အသေအချာပါပဲ။ နည်းပြ တန်ဟက်ဂ်အနေနဲ့ ကစားသမားသစ်တွေဖြစ်တဲ့ အန်တိုနီ၊ ကက်စီမီရိုတို့ကို အခုပွဲမှာ ပွဲအစကတည်းက အသုံးပြုလာနိုင်တယ်။ တန်ဟက်ဂ်က မန်ယူအသင်းကို ၄-၃-၃၊ ၄-၂-၃-၁ ကစားကွက်တွေနဲ့ ပုံဖော်ထားပြီး ဂိုးသွင်းအားကလွဲလို့ အသင်းလိုက်ယုံကြည်မှုက တဖြည်းဖြည်းမြင့်တက်လာတယ်။ ဆိုစီဒက်ကတော့ အီဆက်ခ် ထွက်သွားလို့ အားနည်းသွားပေမဲ့ အယ်မယ်ရီယာအသင်းကခေါ်ထားတဲ့ တိုက်စစ်မှူးသစ် ဆာဒစ်က ဘယ်လောက်အထိ အားကိုးရမလဲ စောင့်ကြည့်ရမယ်။ မန်ယူအသင်းပဲ နိုင်ဖို့များတယ်။ ဖရိုင်းဘတ် နှင့် ကာရာဘတ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ) ဖရိုင်းဘတ်အသင်းက ဒီရာသီမှာ အတော်လေးခြေစွမ်းပြနေတယ်။ ကာရာဘတ် မထင်မှတ်တာတွေ လုပ်ပြတတ်ပေမဲ့ ဂျာမန်မြေမှာ ဖရိုင်းဘတ်ကိုပဲ ရွေးတာပိုကောင်းမယ်။ နန့်စ် နှင့် အိုလံပီယာကော့စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ) ကစားသမားကောင်းတွေရှိတဲ့ အိုလံပီယာကော့စ် ရလဒ်ကောင်းနိုင်တယ်။

Share: