ဟောင်ကောင်နှင့်ခြေစမ်းပွဲကို ပြည်တွင်းလိဂ်၌ ခြေစွမ်းပြနေသူများဖြင့် ယှဉ်ပြိုင်ကစားရန် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေး ဆုံးဖြတ်


မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ယခုလအတွင်း ဟောင်ကောင်လက်ရွေးစင်အသင်းနှင့်ကစားမည့် ခြေစမ်းပွဲကို ပြည်တွင်းလိဂ်၌ ခြေစွမ်းပြနေသူများဖြင့် ယှဉ်ပြိုင်ရန်ဆုံးဖြတ်ထားကြောင်း သိရသည်။ ယခုနှစ်တွင် ပြည်ပကလပ်များ၌ သွားရောက်ကစားသူ များပြားနေသော်လည်း မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးအနေဖြင့် ပြည်တွင်းလိဂ်ဖြစ်သော MNL ပြိုင်ပွဲတွင် ခြေစွမ်းပြနေသူများဖြင့်သာ ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ပြီး ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအတွက် ပြည်ပကလပ်များတွင် ကစားနေသူများကို ရွေးချယ်မည်မဟုတ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအတွက် ကစားသမား ၂၅ ဦး ရွေးချယ်မည်ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် စတင်လေ့ကျင့်ပြင်ဆင်မည်ဖြစ်သည်။ ၂၀၂၂ ရာသီ MNL ပြိုင်ပွဲ ပွဲစဉ် (၁၁) မှာ စက်တင်ဘာ ၁၅ ရက်မှ ပြီးဆုံးမည်ဖြစ်သောကြောင့် မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ယင်းနေ့ညပိုင်းတွင် စတင်စခန်းဝင်ကာ စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းတွင် လေ့ကျင့်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ယခုဖွဲ့စည်းလိုက်သည့် မြန်မာ့လက်ရွေးစင်အသင်းတွင် မဟာယူနိုက်တက်၊ GFA နှင့် ရခိုင်ယူနိုက်တက်မှလွဲ၍ ကျန် MNL ကလပ် ခုနစ်သင်းမှ ကစားသမားများ ရွေးချယ်ခံရပြီး ကစားသမားသစ်အချို့လည်း ရွေးချယ်ခံခဲ့ရသည်။ ထို့ပြင် ယခုရာသီတွင် ခြေစွမ်းပြပြီး ရလဒ်ကောင်းမွန်နေသည့် မြဝတီအသင်းမှ ကစားသမားသုံးဦးအထိ ရွေးချယ်ခံရပြီး ဒဏ်ရာကြောင့် ကာလရှည်ကြာစွာ အနားယူခဲ့ရသည့် ကျော်မင်းဦး၊ လက်ရွေးစင်အသင်းများနှင့် ကာလအတန်ကြာ ဝေးကွာနေသည့် နောက်ခံလူ သီဟထက်အောင်တို့လည်း ပြန်လည်ရွေးချယ်ခံခဲ့ရသည်။ ထို့ပြင် လင်းထက်စိုး၊ နိုင်ဇင်ထက်၊ ရန်ကျော်ထွေးနှင့် ရာဇာအောင်တို့လည်း မြန်မာ့လက်ရွေးစင်အသင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံရကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် နိုင်ငံတကာခြေစမ်းပွဲအဖြစ် စက်တင်ဘာ ၂၁၊ ၂၄ ရက်တွင် ဟောင်ကောင်လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် မေလနောက်ပိုင်း နိုင်ငံတကာခြေစမ်းပွဲ ပြန်လည်ကစားခြင်းဖြစ်ပြီး ပထမပွဲကို ကွင်းပိတ်ကစားမည်ဖြစ်သော်လည်း ဒုတိယပွဲကိုမူ ပရိသတ်များ ကြည့်ရှုခွင့်ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲကစားရန် စက်တင်ဘာ ၁၈ ရက်တွင် ဟောင်ကောင်သို့ ထွက်ခွာမည်ဖြစ်ပြီး ယခုရွေးချယ်ထားသူအားလုံး ခေါ်ဆောင်သွားဖွယ်ရှိကြောင်း သိရသည်။ ■ မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း ဂိုး - ကျော်ဇင်ဖြိုး (ရှမ်း)၊ ဆန်းဆက်နိုင် (ရန်ကုန်)၊ ပြည့်ဖြိုးသူ (ရတနာပုံ)၊ ထွန်းနန္ဒဦး (မြဝတီ)၊ နောက်တန်း - ဒေးဗစ်ဒန်း၊ ဟိန်းဇေယျာလင်း၊ သီဟထက်အောင် (ရန်ကုန်)၊ ဇော်ရဲထွန်း၊ အောင်ဝဏ္ဏစိုး (ရတနာပုံ)၊ ကျော်ဇင်လွင်၊ နန္ဒကျော်၊ ရဲမင်းသူ (ရှမ်း)၊ ရဲလင်းထက် (ဟံသာဝတီ)၊ ဝေယံဦး (မြဝတီ)၊ အလယ်တန်း - ကျော်မင်းဦး၊ ရန်နိုင်ဦး (ရန်ကုန်)၊ အောင်နိုင်ဝင်း (ဧရာဝတီ)၊ လှိုင်းဘိုဘို၊ ရဲရင့်အောင် (ရတနာပုံ)၊ လားဒင်မောရ (ဟံသာဝတီ)၊ လင်းထက်စိုး (အား/ကာသိပ္ပံ)၊ ရှေ့တန်း - ဝင်းနိုင်ထွန်း (ရန်ကုန်)၊ နိုင်ဇင်ထက် (မြဝတီ)၊ ရန်ကျော်ထွေး၊ ရာဇာအောင် (ဧရာဝတီ)

Share: