VAR သမိုင်းတွင် ရှက်စရာအကောင်းဆုံးဖြစ်ရပ်အဖြစ် ဂျူဗင်တပ်စ်အသင်းကို မှားယွင်းဂိုးမပေးသည့်ဖြစ်ရပ်ဖြစ်ပေါ်
ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သည့် စီးရီးအေပွဲစဉ်တွင် ဆလာနီတာနာအသင်းဘက်သို့ နောက်ဆုံးမိနစ်အနိုင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း လူကျွံနေသည်ဟုဆိုကာ ပယ်ဖျက်ခံရပြီး ယင်းမှာ VAR သမိုင်းတွင် ရှက်စရာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု ဝေဖန်မှုများမြင့်တက်ခဲ့သည်။ ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး မီလစ်သည် ယင်းပွဲတွင်နောက်ဆုံးမိနစ်အနိုင်ဂိုး သွင်းယူခဲ့သော်လည်း ကစားကွက်နှင့် သက်ဆိုင်ခြင်းမရှိဘဲ ထောင့်ကန်အလံတိုင်နားတွင် ရှိနေသည့် ဘိုနူချီ လူကျွံနေသည်ဟုဆိုကာ VAR ဒိုင်က အသိပေးခဲ့ခြင်းကြောင့် ဂိုးအဖြစ်ခွင့်မပြုခဲ့ချေ။ အနိုင်ဂိုးရသည်ထင်ကာ အကျႌချွတ်အောင်ပွဲခံခဲ့သည့် မီလစ်မှာမူ ယင်းကဲ့သို့ အကျႌချွတ်ခဲ့ခြင်းအတွက် ဒုတိယအဝါကတ်အပြခံရကာ ထုတ်ပယ်ခံခဲ့ရသည်။ အဆိုးဆုံးမှာ Sky Italia ၏ ရုပ်သံက ပြန်လည်ပြသမှုအရ ဘိုနူချီသည် ဆလာနီတာနာကစားသမား ကန်ဒရီဗာကြောင့် အလွန်သိသာထင်ရှားစွာ လူမကျွံသည့် အနေအထားဖြစ်နေပြီး ဂျူဗင်တပ်စ်အသင်းသည် (၂)ဂိုးရှုံးနေရာမှ (၃)ဂိုးပြန်သွင်းကာ အနိုင်ရမည့် အခြေအနေကို ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

Share: