ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ပွဲ ၃၀ ဆက်ရှုံးပွဲမရှိသည့် ဒုတိယမြောက်အသင်းအဖြစ် ဘိုင်ယန်မှတ်တမ်းဝင်ခဲ့ပြီး ခြေစွမ်းမပြနိုင်သည့် တိုက်စစ်ကစားသမား မာနေဘက်မှ နည်းပြ နာဂယ်စ်မန်း ကာကွယ်ပြောဆို
ဘိုင်ယန်မြူးနစ်အသင်းသည် ဘာစီလိုနာအသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရပြီးနောက် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ပွဲ ၃၀ဆက် ရှုံးပွဲမရှိသည့် ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဘိုင်ယန်အနေဖြင့် ချန်ပီယံလိဂ်အအောင်မြင်ဆုံး ရီးယဲလ်မက်ဒရစ်အသင်း ၂၀၁၂ မှ ၂၀၁၇ အကြားရရှိခဲ့သည့် အုပ်စုပွဲစဉ် ရှုံးပွဲမရှိပွဲဆက်အများဆုံးနှင့် စံချိန်တူခဲ့ခြင်းဖြစ်သည်။ ပွဲအပြီးတွင် ဘိုင်ယန်အသင်းနည်းပြ နာဂယ်စ်မန်းက "ကျွန်တော်တို့ ရိုးသားစွာနဲ့ ၀န်ခံပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ပွဲကို မဖတ်နိုင်ခဲ့ပါဘူး။ ဘာကာက အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပိုကောင်းအောင်ကစားနိုင်ခဲ့တယ်။ ပြီးတော့ ပိုပြီးမြန်နှုန်းမြှင့် နိုင်ခဲ့တယ်။ ကျွန်တော်တို့ ဂိုးတွေသွင်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ကစားပုံက သူတို့ထက် ပိုပြီးတော့ ထိရောက်ခဲ့ပါတယ်။ ဒါဟာ ဘာကြောင့် ကျွန်တော်တို့ အနိုင်ရခဲ့သလဲဆိုတာပါပဲ" ဟု စပိန်အားကစားသတင်းစာ Diario AS သို့ ပြောကြားခဲ့သည်။ ထို့ပြင် နာဂယ်စ်မန်းသည် ဂိုးကန်သွင်းမှု တစ်ကြိမ်မျှမရှိဘဲ လေးပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့သည့် မာနေဘက်မှ ကာကွယ်မှုများ ပြုလုပ်ခဲ့သည်။ "လီဗာပူးလ်အတွက် သူ(မာနေ) အများကြီး လုပ်ပေးခဲ့တယ်။ သူက ကစားသမားသစ်တစ်ဦးပါ။ သူ့အတွက် အထိုင်ကျဖို့ လိုအပ်ပါသေးတယ်။ သူလည်း ကြိုးစားနေပါတယ်။ အသင်းမှာ သူ အောင်မြင်မယ်ဆိုတာ အသေအချာပါပဲ"ဟု နာဂယ်စ်မန်းက မှတ်ချက်ပြုခဲ့သည်။ ယင်းပွဲ ပထမပိုင်းတွင် ဘာစီလိုနာအသင်းသည် ဂိုးသွင်းခွင့် ၁၀ ကြိမ်ခန့် ရရှိခဲ့သော်လည်း အခွင့်အရေးများ ဖြုန်းတီးခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်အသင်းသည် ဟာနန်ဒက်ဇ် (၅၀ မိနစ်)၊ ဆာနေး(၅၄ မိနစ်)တို့၏သွင်းဂိုးများဖြင့် အနိုင်ရခဲ့ပြီး ဘာစီလိုနာအသင်းကို ၂၀၁၄-၁၅ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့တွင် အရေးနိမ့်ပြီးနောက် ငါးပွဲဆက် အနိုင်ရခြင်းဖြစ်သည်။

Share: