ကွန်တီ၏ နည်းပြဘ၀ ချန်ပီယံလိဂ်မှတ်တမ်းကို ဘောလုံးပရိသတ်များ လှောင်ပြောင်
စပါးအသင်းအနေဖြင့် စပို့တင်းလစ္စဘွန်းအသင်းကို နောက်ကျဂိုးများဖြင့် ရှုံးနိမ့်ပြီးနောက်ဘောလုံး ပရိသတ်များသည် စပါးနည်းပြ ကွန်တီ၏ နည်းပြ ချန်ပီယံလိဂ်မှတ်တမ်းဆိုးရွားမှုကို လူမှုကွန်ရက်များတွင် လှောင်ပြောင်ခဲ့ကြကြောင်း သိရသည်။ စပါးအသင်းသည် ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်တွင် အဝေးကွင်း၌ စပို့တင်းလစ္စဘွန်းအသင်းကို နောက်ဆုံးမိနစ်များတွင် (၂)ဂိုးပေးခဲ့ရကာ (ဝ-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ကွန်တီသည် ၎င်း၏နည်းပြဘဝတစ်လျှောက် ချန်ပီယံလိဂ်ပွဲစဉ် (၃၈)ပွဲ ကိုင်တွယ်ရာတွင် (၁၃)ပွဲနိုင်၊ (၁၃)ပွဲသရေ၊ (၁၂)ပွဲရှုံးရလဒ်ထွက်ပေါ်ထားရာ ဘောလုံးပရိသတ်များက ယင်းအချက်ကို လူမှုကွန်ရက်များတွင် Meme ပုံများဖြင့် လှောင်ပြောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ကွန်တီသည် နည်းပြဘဝတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အမြင့်ဆုံးစွမ်းဆောင်နိုင်သည်မှာ ၂၀၁၂-၁၃ ရာသီက ဂျူဗင်တပ်စ်အသင်းကို ကွာတားဖိုင်နယ်ထိ ပို့ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

Share: