ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီ၏ All-star Game အစီအစဉ်သည် အထင်ကြီးစရာမရှိဟု ယာဂန်ကလော့ပ် တုံ့ပြန်
ချယ်လ်ဆီးအသင်းပိုင်ရှင် အမေရိကန်နိုင်ငံသားဖြစ်သူ တော့ဒ်ဘိုလီသည် အမေရိကန်အားကစားပြိုင်ပွဲများကဲ့သို့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း တောင်ပိုင်းနှင့် မြောက်ပိုင်း All-star Game ကစားရန် အကြံပေးမှုကို လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အထင်ကြီးစရာမရှိဟု ပြောကြားကာ တုံ့ပြန်ခဲ့သည်။ တော့ဒ်ဘိုလီသည် အမေရိကန်ဘေ့စ်ဘောကလပ် La Dodgers၊ အမေရိကန်ဘက်စကတ်ဘောကလပ် La Lakers နှင့် La Sparks အသင်းများကိုလည်း တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သူဖြစ်ပြီး ၎င်းက ပရီးမီးယားလိဂ်အနေဖြင့် အမေရိကန်အားကစားနည်းများကို အနည်းငယ်နမူနာယူလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ နယူးယောက်တွင်ပြုလုပ်ခဲ့သည့် ကွန်ဖရင့်တစ်ခုတွင် တော့ဒ်ဘိုလီက "ဘာကြောင့် အားကစားအသင်းလေးသင်းကို အထိုင်ချပြီး ပြိုင်ပွဲတစ်ခု မလုပ်နိုင်ရမှာလဲ။ All-star Game တစ်ခု မရှိသင့်ဘူးလား။ လူတွေက ပိရမစ်ပုံစံ ငွေကြေးပိုမိုရှာဖွေနိုင်ဖို့အကြောင်း ပြောနေကြတယ်။ ဒီနှစ် မေဂျာလိဂ်ဘေ့စ်ဘော All-star Game မှာ နှစ်ရက်တည်းနဲ့ အမေရိကန်ဒေါ်လာသန်း ၂၀၀ ရရှိခဲ့တယ်။ ဒါကြောင့် ပရီးမီးယားလိဂ်အတွက် တောင်ပိုင်းနဲ့ မြောက်ပိုင်းယှဉ်ပြိုင်တဲ့ All-star Game ကို ပြုလုပ်လို့ရတယ်ဆိုတဲ့ အကြောင်းတွေးနေမိတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါက လိုအပ်ပါတယ်။ လုံးဝလွယ်ကူပါတယ်"ဟု အဆိုပြုခဲ့သည်။ တော့ဒ်ဘိုလီ၏ စိတ်ကူးနှင့်ပတ်သက်ပြီး အေဂျက်စ်နှင့်ပွဲပြီး နောက်သတင်းစာရှင်းလင်းပွဲတွင် ကလော့ပ်က "ဒီအတွက် ရက်စွဲတစ်ခု သူရှာဖွေနိုင်ချိန်မှာ ကျွန်တော့်ကို ဖုန်းခေါ်နိုင်ပါတယ်။ အမေရိကန်အားကစားပြိုင်ပွဲတွေမှာ ကစားသမားတွေက လေးလကြာ အနားရပါတယ်။ ဒါကို သူ ရှင်းပြနိုင်ပါလိမ့်မယ်။ ပရိသတ်တွေကတော့ ဘာကိုတွေ့မြင်ချင်သလဲ ကျွန်တော် သေချာမသိပါဘူး။ ယူနိုက်တက်၊ လီဗာပူးလ်နဲ့ အဲဗာတန်အသင်းက ကစားသမားတွေ အတူတကွကစားတာကို တွေ့မြင်ချင်နေသလား။ ဒါက နိုင်ငံလက်ရွေးစင်အသင်း မဟုတ်ပါဘူး။ အာဆင်နယ်၊ တော့တင်ဟမ်နဲ့ လန်ဒန်သားအားလုံး အတူတကွကစားရမယ်ဆိုလည်း ကြီးကျယ်ခမ်းနားလွန်းပါတယ်။ ဒီအစီအစဉ်ကို သူ အမှန်တကယ်ပဲ ပြောခဲ့တာလား" ဟု သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။

Share: