ယူကရိန်းအလံအရောင် အသင်းခေါင်းဆောင်လက်ပတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ သယ်ဆောင်ခွင့်ရသည့်အတွက် ဂုဏ်ယူမိသည်ဟု လီဝန်ဒေါစကီး ဆို
ယူကရိန်းအလံအရောင် အသင်းခေါင်းဆောင်လက်ပတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ သယ်ဆောင်ခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီးက ပြောကြားခဲ့သည်။ ယင်းလက်ပတ်ကို ယူကရိန်းဂန္ထဝင်တိုက်စစ်မှူး ရှက်ဗ်ချင်ကိုက လက်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး လီဝန်ဒေါစကီးကလည်း လာမည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝတ်ဆင်ကစားမည်ဟု ကတိပြုခဲ့သည်။ လီဝန်ဒေါစကီးသည် ပြီးခဲ့သည့်ရာသီက ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရသည့် ပွဲတစ်ပွဲ၌ ညာဘက်တွင် အဖြူရောင်လက်ပတ်နှင့် ဘယ်ဘက်တွင် ယူကရိန်းအလံရောင်လက်ပတ်ကို ဝတ်ဆင်ကစားခဲ့ပြီး တစ်ကမ္ဘာလုံးအနေဖြင့် ယူကရိန်းကို ထောက်ခံအားပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ရုရှားနှင့်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွက် သပိတ်မှောက်ရန် ပိုလန်အသင်းအား စတင်ဦးဆောင်ခဲ့သူလည်းဖြစ်သည်။ '' ကျေးဇူးတင်ပါတယ် အန်ဒရေ(ရှက်ဗ်ချင်ကို)။ ခင်ဗျားနဲ့တွေ့ဆုံခွင့်ရတာက ပျော်ရွှင်ကြည်နူးစရာတစ်ခုပါပဲ။ ယူကရိန်းအလံအရောင် အသင်းခေါင်းဆောင်လက်ပတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ သယ်ဆောင်ခွင့်ရတာဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ''ဟု လီဝန်ဒေါစကီးက Instagram တွင် ရေးသားခဲ့သည်။

Share: