ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲအတွက် တိုင်ဆန်ဖျူရီဘက်မှ ပေါင် သန်း ၅၀၀ တောင်းဆိုဟု အူဆိုက် ပြောကြား
ဟဲဗီးဝိတ် ချန်ပီယံပေါင်းစည်းပွဲအတွက် WBC ချန်ပီယံ တိုင်ဆန်ဖျူရီဘက်မှ ပေါင်သန်း ၅၀၀ အထိ တောင်းဆိုခဲ့ကြောင်း ယူကရိန်းလက်ဝှေ့သမား အူဆိုက်က ပြောကြားခဲ့သည်။ ထို့ပြင် အူဆိုက်က တိုင်ဆန်ဖျူရီကို မိုက်ကန်းလွန်းသူဟုလည်း သမုတ်ခဲ့ပြီး ယခုကဲ့သို့ဖွင့်ဟမှုသည် ၎င်းတို့နှစ်ဦး ရင်ဆိုင်ထိုးသတ်မည့်ပွဲအတွက် အတည်ပြုရာလည်း ရောက်ခဲ့သည်။ အူဆိုက်သည် ပြီးခဲ့သည့်သြဂုတ်လက ဗြိတိန်နိုင်ငံသား အန်သိုနီဂျိုရှူအာကို ထပ်မံအနိုင်ယူကာ WBA(Super)၊ IBF၊ WBO၊ IBO နှင့် The Ring ချန်ပီယံခါးပတ်များကို ကာကွယ်နိုင်ခဲ့သည်။ အူဆိုက်က ၎င်းအနေဖြင့် အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လိုသောကြောင့် အခြားလက်ဝှေ့သမားတစ်ဦးဦးနှင့်ထိုးသတ်ရန် စိတ်ဝင်စားခြင်းမရှိကြောင်း ဝန်ခံခဲ့သည်။ "တိုင်ဆန်ဖျူရီ ဘာတွေလုပ်နေသလဲ၊ ဘာတွေတွေးနေသလဲဆိုတာ ကျွန်တော် ဘာမှမသိပါဘူး။ ပွဲအတွက် ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ ဒီပွဲ အမှန်တကယ်ဖြစ်လာဖို့ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ တကယ်တော့ ဒီလက်ဝှေ့ပွဲကို လာမယ့်နှစ်မှ ထိုးသတ်လိုတာပါ။ ဒါပေမဲ့ တိုင်ဆန်ဖျူရီအနေနဲ့ နောက်နှစ်မှာထိုးဖို့ စိတ်မဝင်စားဘူးဆိုရင် သူနဲ့ထိုးသတ်မယ့်ပွဲက မဖြစ်နိုင်တော့ပါဘူး။ တခြားလက်ဝှေ့သမားနဲ့ထိုးဖို့က ကျွန်တော် စိတ်မဝင်စားတာ အမှန်ပါပဲ။ စောင့်ကြည့်ရအောင်ပါ။ ဒီပွဲအတွက် သူက ပေါင်သန်း ၅၀၀ ရဖို့ ပြောလာတယ်။ သူဟာ ရူးမိုက်သူတစ်ယောက်ပါပဲ။ ကျွန်တော်လည်းပဲ ပေါင်သန်း ၅၀၀ လိုချင်ပါတယ်။ ဒါပေမဲ့ ဒီအရာက အနည်းငယ် ရူးမိုက်ရာရောက်ပါတယ်" ဟု အူဆိုက်က Parimatch သို့ ပြောကြားခဲ့သည်။ ထို့ပြင် အူဆိုက်က တိုင်ဆန်ဖျူရီနှင့် ထိုးသတ်မည့်ပွဲ သဘောတူညီမှုမရလျှင် အန်သိုနီဂျိုရှူအာနှင့် တတိယအကြိမ်မြောက်အဖြစ် ထိုးသတ်နိုင်ကြောင်းလည်း ဝန်ခံခဲ့သည်။ ယင်းပွဲကိုမူ သူ၏မိခင်နိုင်ငံဖြစ်သည့် ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ရှိ အိုလံပစ်ကွင်းတွင် ထိုးသတ်သွားလိုကြောင်း ဖွင့်ဟခဲ့သည်။

Share: