ဘာနာဒိုဆေးလ်ဗား အသင်းမှထွက်ခွာရန် ထပ်မံကြိုးစားပါက မန်စီးတီးအသင်း တားမြစ်တော့မည်မဟုတ်
မန်စီးတီးအသင်းသည် အသင်းမှထွက်ခွာရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ဖူးသည့် ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားအား အသင်းမှထွက်ခွာရန် ထပ်မံကြိုးစားပါက တားမြစ်တော့မည်မဟုတ်ဘဲ ရောင်းထုတ်ရန် စဉ်းစားထားကြောင်း သိရှိရသည်။ ဘာနာဒိုဆေးလ်ဗားသည် မန်စီးတီးအသင်းတွင် ပျော်ရွှင်နေသည်ဟု ဆိုခဲ့ဖူးသော်လည်း အသင်းမှ ထွက်ခွာရန်အတွက်မူ ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလ (၂)ခုဆက်တိုက်ကြိုးပမ်းခဲ့ပြီး အထူးသဖြင့် လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းထံသို့ ပြောင်းရွှေ့ခွင့်ရရှိရန် အိပ်မက်နေသူဖြစ်သည်။ အသက် (၂၈)နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်သည် မိုနာကိုအသင်းတွင် ခြေစွမ်းပြခဲ့ပြီးနောက် မန်စီးတီးအသင်းထံ ရောက်ရှိလာခဲ့သူဖြစ်ပြီး ၎င်းအား PSG အသင်းကလည်း ခေါ်ယူလိုနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ မန်စီးတီးအသင်းကမူ အသင်းတွင် မပျော်ရွှင်တော့သည့် ဘာနာဒိုဆေးလ်ဗားအား နည်းပြ ဂွါဒီယိုလာ၏ လိုအပ်ချက်နှင့် ဘာစီလိုနာအသင်းက သတ်မှတ်ပြောင်းရွှေ့ကြေးပေးရန် မတတ်နိုင်သဖြင့် အသင်းတွင် ဆက်ထိန်းခဲ့ခြင်းဖြစ်သည်။

Share: