နိုင်ငံတကာပွဲစဉ်များတွင် ကစားသမားလေးဦးအထိ ဒဏ်ရာရရှိခဲ့သောကြောင့် တစ်နှစ်တွင် တစ်ကြိမ်သာကစားရန် ဘာစီလိုနာနည်းပြ ဇာဗီ တိုက်တွန်း
နိုင်ငံတကာပွဲစဉ်များတွင် ကစားသမားလေးဦးအထိ ဒဏ်ရာရရှိခဲ့သောကြောင့် တစ်နှစ်တွင် တစ်ကြိမ်တည်းသာ ယှဉ်ပြိုင်ကစားသင့်ကြောင်း ဘာစီလိုနာအသင်းနည်းပြ ဇာဗီက တိုက်တွန်းပြောကြားသည်။ ဘာစီလိုနာအသင်း၏ ဥရုဂွေးနောက်ခံလူ အာရူဟို၊ ပြင်သစ်နောက်ခံလူ ခွန်ဒဲ၊ နယ်သာလန်ကွင်းလယ်လူ ဒီယွန်းနှင့် တိုက်စစ်ကစားသမား ဒီပိုင်းတို့မှာ စက်တင်ဘာနိုင်ငံတကာ ရက်သတ္တပတ်တွင် လက်ရွေးစင်အသင်းအတွက် သွားရောက်ကစားစဉ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ အာရူဟို (၂၃ နှစ်) သည် စက်တင်ဘာ ၂၃ ရက်က အီရန် (၁-ဝ) ဥရုဂွေး ခြေစမ်းပွဲတွင် ပေါင်ဒဏ်ရာရရှိခဲ့ ခြင်းဖြစ်ပြီး ပွဲအစငါးမိနစ်မှာပင် လူစားလဲခဲ့ရသည်။ ၎င်း၏ဒဏ်ရာကို ဖင်လန်နိုင်ငံ၌ ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး အောင်မြင်သော်လည်း သုံးလခန့် အနားယူရဖွယ်ရှိရာ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုပါ လွဲချော်ဖွယ်ရှိနေသည်။ ခွန်ဒဲ (၂၃ နှစ်)မှာလည်း စက်တင်ဘာ ၂၂ ရက်က ပြင်သစ် (၂-ဝ) သြစတြီးယား UEFA Nations League ပွဲစဉ်တွင် တံကောက်ကြော ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း ၂၃ မိနစ်တွင် လူစားလဲခဲ့ရသည်။ ခွန်ဒဲအနေဖြင့် ယင်းဒဏ်ရာကြောင့် တစ်လခန့်အနားယူရဖွယ်ရှိရာ ယခုလအတွင်းကစားမည့် El Clasico နှင့် ချန်ပီယံလိဂ်ပွဲစဉ်သုံးပွဲအပါအဝင် စုစုပေါင်းကိုးပွဲအထိ လွဲချော်ဖွယ်ရှိနေသည်။ ထို့ပြင် နယ်သာလန်လက်ရွေးစင်ကစားသမား ဒီယွန်းနှင့် ဒီပိုင်းမှာလည်း စက်တင်ဘာ ၂၂ ရက်က ပိုလန် (ဝ-၂) နယ်သာလန် UEFA Nations League ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒီယွန်းမှာ ပထမပိုင်းအပြီးနှင့် ဒီပိုင်းမှာ ဒုတိယပိုင်း ၅၂ မိနစ်တွင် လူစားလဲခဲ့ရသည်။ ၎င်းတို့လေးဦးအနက် အာရူဟို၊ ခွန်ဒဲနှင့် ဒီယွန်းတို့မှာ အားထားရသူများ ဖြစ်ပြီး ညာနောက်ခံလူ ဘယ်လာရင်မှာလည်း ပြီးခဲ့သည့်တစ်ပတ်က လေ့ကျင့်မှုပြုလုပ်စဉ် ခြေသလုံးဒဏ်ရာရရှိခဲ့သောကြောင့် ဘာစီလိုနာအသင်း အနေဖြင့် စနေနေ့က မာယော့ကာ အသင်းနှင့် ကစားသည့်ပွဲအတွက် ညာနောက်ခံလူနေရာ အခက်တွေ့ ခဲ့ရသည်။ ပုံမှန်အားဖြင့် ဘောလုံးရာ သီတစ်ခုတွင် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် မတ်လ၌ နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားလေ့ရှိရာ ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ယင်းပွဲစဉ်များအား တစ်နှစ်အတွင်း တစ်ကြိမ်တည်းသာ စုပေါင်းကစားသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ "ဒဏ်ရာပြဿနာတွေက ခက်ခဲပါတယ်။ ဒီဒဏ်ရာပြဿနာတွေက တကယ်ဆိုးပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းတွေနဲ့ ပိုပြီးဆက်သွယ်မှု၊ ပိုပြီးကြိုတင်ကာကွယ်မှုနဲ့ ပိုပြီးသတိပြုမှုတွေ လုပ်ရပါမယ်။ ဒါပေမဲ့ ဒဏ်ရာပြဿနာဆိုတာက အကြောင်းအရာတွေအများကြီး စုစည်းပြီးတော့ ဖြစ်လာတာပါ။ FIFA အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ်ကျင်းပဖို့ အစီအစဉ်ရှိတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါက အငြင်းပွားစရာကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံအသင်းတွေကို တစ်လခွဲလောက် အတူကစားစေမယ့် ပြက္ခဒိန်တစ်ခုလည်း ရှိပါတယ်။ အဲဒီလို ကစားပြီးရင် ကလပ်အသင်းတွေက ကစားသမားတွေကို တစ်နှစ်လုံးခေါ် ထားခွင့်ရှိပါမယ်။ သူတို့ရဲ့ နိုင်ငံအသင်းတွေနဲ့ တစ်ကြိမ်ပဲကစားခွင့် ရှိမှာပါ။ အဲဒါက ကောင်းမွန်တဲ့အဖြေတစ်ခုဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ အဲဒီလိုစဉ်းစားတာက ကျွန်တော့်အတွက် မဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။ ထို့ပြင် ဒဏ်ရာရကစားသမားများ၏ အခြေအနေနှင့်ပတ်သက်၍ ဇာဗီက "တကယ်စိတ်ရှုပ်စရာပါပဲ။ အာရူဟိုက မက်ဒရစ်နဲ့ပွဲအမီ ပြန်မကစားနိုင်ဘူးဆိုတာ သေချာပါတယ်။ ဒါပေမဲ့ တခြားသူတွေကတော့ သူတို့ဘယ်လောက်ပြန်ကောင်းလာနိုင်မလဲ ဆိုတာအပေါ်မူတည်ပြီး အခွင့်အရေးရနိုင်ပါတယ်။ ဒဏ်ရာ ပြဿနာတွေက ကံမကောင်းလို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဘယ်လောက်ကောင်းတဲ့ လူစာရင်းရှိလဲဆိုတာကို အခုပြရမှာပါ" ဟု ပြောကြားသည်။

Share: