အဲရစ်တန်ဟက်ဂ်အနေဖြင့် မန်ချက်စတာယူနိုက်တက်ကဲ့သို့ အသင်းမျိုးတွင် နည်းပြနေပါက ဖလားမရရှိလျှင် ထုတ်ပယ်ခံရနိုင်သည်ဟု ဂွါဒီယိုလာ သတိပေး
မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက မန်ယူအသင်း၏ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်အနေဖြင့် မန်ချက်စတာယူနိုက်တက်ကဲ့သို့ အသင်းမျိုးတွင် နည်းပြနေပါက ဆုဖလားများ ရအောင်ယူနိုင်ရန် လိုအပ်ပြီး ဆုဖလားမရရှိပါက ရာထူးမှ ထုတ်ပယ်ခံရနိုင်သည် ဟု သတိပေးပြောကြားခဲ့သည်။ အဲရစ်တန်ဟက်ဂ်သည် မန်ယူအသင်းမှ ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာသွားပြီးကတည်းက အသင်းကို ကိုင်တွယ်သည့် (၆)ဦးမြောက်နည်းပြဖြစ်ပြီး ၎င်းရှေ့မှ နည်းပြများထဲတွင် အအောင်မြင်ဆုံးနည်းပြဖြစ်သည့် မော်ရင်ဟိုပင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ဂွါဒီယိုလာက မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် အသင်း၏ အနာဂတ်အတွက် တည်ဆောက်လိုပါက အဲရစ်တန်ဟက်ဂ်ကို အချိန်ပေးစေချင်သည့် သဘောမျိုးပြောခဲ့သော်လည်း ယင်းကဲ့သို့ အချိန်ပေးရန်အတွက် အဓိကအာမခံချက်မှာလည်း ဆုဖလားများ ရယူထားရန်ဖြစ်သည်ဟု ဂွါဒီယိုလာက ဆိုခဲ့သည်။ ဂွါဒီယိုလာက ''မန်ချက်စတာယူနိုက်တက်က သူ့ ကို ယုံကြည်တယ်ဆိုရင် သူနဲ့အတူ အသင်းကောင်းတစ်သင်းကို ထုဆစ်ဖို့အတွက် တစ်နှစ်ပြီးတစ်နှစ် အချိန်ပေးပါလိမ့်မယ်။ ကျွန်တော် ဒီလိုဖြစ်လာမှာကိုလည်း ကြိုဆိုပါတယ်။ ဒါ့အပြင်တော့ ကျွန်တော် ဘာမှ မပြောနိုင်ပါဘူး။ ဒါပေမဲ့ သူလည်း သိတယ်။ ကျွန်တော်လည်း သိတယ်။ လူတိုင်းလည်း သိတဲ့အရာက ဒါတွေအားလုံးဟာ ရလဒ်ကောင်းတွေအပေါ်မှာ မှီခိုနေတယ်ဆိုတာပဲ။ ကျွန်တော် အခုအချိန်အထိ မန်စီးတီးအသင်းနည်းပြရာထူးမှာ ဆက်ရှိနေတယ်ဆိုတာ ပြီးခဲ့တဲ့ကာလတွေမှာ ကျွန်တော် ဒီအသင်းနဲ့အတူ အောင်မြင်မှုတွေ ယူနိုင်ခဲ့လို့ပါ။ မဟုတ်ရင် ကျွန်တော်လည်း ဒီနေရာမှာ အခု ရှိနေနိုင်မှာ မဟုတ်ဘူး။ အဲရစ်လည်း ဒါကို သိပါတယ်။ ဒီအသင်းမှာ နည်းပြခဲ့တဲ့ ဘယ်နည်းပြမှ အချိန်အကြာကြီး ရှိမနေခဲ့ကြဘူး။ (ဖာဂူဆန်နောက်ပိုင်း နည်းပြများကို ဆိုလို) ဘောလုံးမှာက ဒီလိုပါပဲ။ ထိပ်တန်းအသင်းကြီးတွေကို ကိုင်တွယ်တဲ့အခါ အောင်မြင်မှုတွေ၊ ဆုဖလားတွေကို မယူနိုင်ဘူးဆိုရင် ခင်ဗျားအတွက် အချိန်မရဘူး။ ဘာကိုမှ တည်ဆောက်ခွင့် မရှိတော့ဘူး။ နိုင်ပွဲတွေ မရဘူးဆိုတာနဲ့ ခင်ဗျားအနေနဲ့ ပြဿနာတွေ တစ်ခုပြီးတစ်ခု ရင်ဆိုင်ရတော့တာပဲ'' ဟု ပြောကြားခဲ့သည်။ အဲရစ်တန်ဟက်ဂ်သည် မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် အဖွင့်နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ယင်းနှစ်ပွဲထဲတွင် ဘရန့်ဖို့ဒ်အသင်းကို (၄) ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်ပွဲလည်း ပါဝင်ခဲ့သည်။ ထိုအချိန်ကတည်းက တန်ဟက်ဂ်အပေါ် အချိန်ပေးသင့်သည်ဆိုသည့် ထောက်ခံမှုများအကြားတွင် နှစ်ပွဲသာ ကိုင်တွယ်ရသေးသည့်တိုင် ရာထူးနှင့်မထိုက်တန်ဆိုသည့် သံသယများလည်း ရှိခဲ့သည်။

Share: