စီရော်နယ်လ်ဒိုကို လေးစားမှုရှိသောကြောင့် မန်ချက်စတာဒါဘီတွင် ထည့်သွင်းအသုံးမပြုခြင်းဖြစ်ကြောင်း နည်းပြ တန်ဟက်ဂ် တုံ့ပြန်
မန်ချက်စတာဒါဘီတွင် စီရော်နယ်လ်ဒိုကို အသုံးမပြုခြင်းအပေါ် လေးစားမှုရှိသောကြောင့် ထည့်သွင်းအသုံးမပြုခြင်းဖြစ်ကြောင်း နည်းပြ တန်ဟက်ဂ်က မှတ်ချက်ပြုခဲ့သည်။ မန်ယူအသင်း၏ အရှက်တကွဲရှုံးနိမ့်မှုအတွက် ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် အသင်းခေါင်းဆောင်ဟောင်းများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြပြီး နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ယခုရှုံးနိမ့်မှုမှာ ဒါဘီပြိုင်ဘက် မန်စီးတီးနှင့် မိမိတို့အကြား မည်မျှဝေးကွာနေသည်ကို အမှတ်ရစေရန် သတိပေးခြင်းဖြစ်ကြောင်း၊ ကွင်းလယ်လူဟောင်း ရွိုင်ကင်းက မန်စီးတီးမှာ အလွန်ကြီးမားသည့် ပြိုင်ဘက်ဖြစ်ပြီး မန်ယူအသင်း၏ ဆိုးရွားလွန်းသည့်ကစားပုံအတွက် မယုံကြည်နိုင်ဖြစ်ရကြောင်း၊ ယခုရလဒ်အတွက် အရှက်ရသင့်ကြောင်းနှင့် စီရော်နယ်လ်ဒိုကို လူစားလဲအဖြစ်ပင် အသုံးမပြုခြင်းမှာ ၎င်းအား လေးစားမှုမရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ စီရော်နယ်လ်ဒိုကို အသုံးမပြုခြင်းနှင့်ပတ်သက်၍ တန်ဟက်ဂ်က ''ခရစ္စတီယာနိုကို ကျွန်တော် မထည့်သွင်းတာက သူ့ကို၊ သူ့ရဲ့ ကြီးမားတဲ့ ကစားသမားဘဝကို လေးစားမှုရှိလို့ပါ။ နောက်တစ်ချက်က အန်တိုနီမာစီယဲလ်ကို အသုံးပြုနိုင်တဲ့ အားသာချက်ကြောင့်ပါ''ဟု တုံ့ပြန်ဖြေရှင်းခဲ့သည်။ ထို့ပြင် တန်ဟက်ဂ်က ဒါဘီပြိုင်ဘက် မန်စီးတီးအသင်းအား ဂိုးပြတ်ရှုံးနိမ့်ခြင်းမှာ ယုံကြည်မှုမရှိခြင်းကြောင့် ဖြစ်ပြီး လက်ခံနိုင်စရာအခြေအနေမဟုတ်ကြောင်း သုံးသပ်ပြော ကြားသည်။ ပရီးမီးယားလိဂ်ပွဲစဉ် (၉) ၏ မန်ချက်စတာဒါဘီပွဲအဖြစ် တနင်္ဂနွေနေ့ ညပိုင်းက မန်စီးတီးနှင့် မန်ယူအသင်းတို့ အီတီဟတ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ အိမ်ရှင်မန်စီးတီးအသင်းက ဟော်လန်း၊ ဖိုဒန်တို့၏ ဟက်ထရစ်သွင်းဂိုးများနှင့်အတူ ဂိုးဒါဇင်ဝက်အထိသွင်းယူပြီး (၆-၃) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ယင်းပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် တန်ဟက်ဂ်က ''ကွင်းထဲမှာ ယုံကြည်မှုမရှိတဲ့အခါ ပွဲတွေအနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ ဒါက တော်တော်လေး ရိုးရှင်းပါတယ်။ ယုံကြည်မှု မရှိလို့ပါပဲ။ အဲဒါက လက်ခံနိုင်စရာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းတွေအတိုင်း မလိုက်နာနိုင်တဲ့အတွက် အခုလို နာကျင်မှုတွေ ရရှိတာပါ။ ဒါပါပဲ။ ကျွန်တော့်အတွက်တော့ ဒါက အံ့အားသင့်စရာပါပဲ။ ကျွန်တော်တို့ ခြေမပေါ်သလို နေရာလွတ်တွေရှိပေမဲ့ ဘောလုံးကစားဖို့ သတ္တိမရှိခဲ့ဘူး။ ကျွန်တော်တို့ဆီမှာ လုံလောက်တဲ့သတ္တိ မရှိခဲ့ပါဘူး။ ဒီအချိန်မှာ အကောင်းမြင်တဲ့အတွေး မတွေးနိုင်ပါဘူး။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုရော ပရိသတ်တွေကိုပါ နိမ့်ကျစေခဲ့ တာပါ။ ကျွန်တော်တို့ တော်တော်လေး စိတ်ပျက်ရပါတယ်''ဟု သုံး သပ်ပြောကြားသည်။

Share: